ဗီဇာပိတ်ခံရတဲ့ အမေရိကန် ဓာတ်ပုံဆရာရဲ့ပြပွဲ ရန်ကုန်မှာလုပ်

  • 18 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Nowherepeople
Image caption Nowhere People ခေါင်းစဉ်နဲ့ ဓာတ်ပုံတွေ ပြသနေ

မြန်မာပြည်ကို ပြည်ဝင်ခွင့် အပိတ်ခံ ထားရတဲ့ အမေရိကန်ဓာတ်ပုံဆရာ Greg Constantine ရိုက်ကူးထားတဲ့ မှတ်တမ်းတင် ဓာတ်ပုံပြပွဲကို သောကြာနေ့က စလို့ ရန်ကုန်မြို့ (၄၄)လမ်း ဓာတ်ပုံပြခန်းမှာ ပြသနေ ပါတယ်။

Nowhere People ခေါင်းစဉ်နဲ့ နိုင်ငံမဲ့နေတဲ့ လူတွေရဲ့ ဘဝပုံစံကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ပြသနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီပုံတွေကို ရိုက်ကူး ထားတဲ့ အမေရိကန်ဓာတ်ပုံဆရာ Greg Constantine ကတော့ သူ့ရဲ့ဓာတ်ပုံပြပွဲကို တက်ရောက်ခွင့် မရပါဘူး။

သူဟာ ဒီဓာတ်ပုံပြပွဲ အတွက် ပြည်ဝင်ခွင့်ဗီဇာ ကို အခု အပတ် အစောပိုင်းမှာ လျှောက်ထားခဲ့ပေမယ့် အမည်ပျက်စာရင်း ဝင်နေလို့ ဆိုပြီး အစိုးရက ဝင်ရောက် တားမြစ်ခဲ့ပါတယ်။

ပြည်ဝင်ခွင့် စည်းကမ်း ဖောက်ဖျက်မှု တခု ကျူးလွန်ခဲ့လို့ ပြည်ထဲရေး ဌာနက အကြောင်းကြားလာတဲ့အတွက် ခုလို တားမြစ်ခဲ့တာ ဖြစ်တယ်၊ သူ့ကို ၂ဝ၁၄ ခုနှစ်က ပိတ်ပင်ခံရတာလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် က ပြောပါတယ်။

ဒီဓာတ်ပုံပြပွဲကို (၉)ရက်ကြာ ပြသမှာ ဖြစ်ပြီး ဒီလို ပြသခွင့်ရဖို့ အစိုးရဆီမှာ ခွင့်တောင်းပြီး ပြုလုပ်တာ ဖြစ်တယ်လို့ ပြပွဲ စီစဉ်သူက ပြောပါတယ်။

ပြပွဲမှာ ဓာတ်ပုံဆရာ Constantine ရိုက်ကူးထားတဲ့ ဓာတ်ပုံလက်ရာတွေ ဖြစ်တဲ့ မြန်မာပြည်ထဲက ရခိုင်ပြည်နယ် အပါအဝင် ကမ္ဘာတဝန်းက နိုင်ငံမဲ့နေတဲ့ လူတွေရဲ့ ဘဝပုံစံကို ပြသထားတယ်လို့ ပြပွဲကို သွားရောက် ကြည့်ရှုခဲ့သူ တဦးက ပြောပါတယ်။

ဓာတ်ပုံဆရာ Greg Constantine ဟာ နိုင်ငံမဲ့ လူတွေအကြောင်းကို မှတ်တမ်းတင် ရိုက်ကူးခဲ့သူ ဖြစ်ပြီး မြန်မာပြည်ကို တော့ လွန်ခဲ့တဲ့ (၆)နှစ်လောက်ကလာပြီး ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်စလင်တွေကို မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ပါတယ်။

အခု သူရဲ့ ဓာတ်ပုံပြပွဲအတွက် မြန်မာပြည်ကို လာဖို့ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ခံရတာဖြစ်ပြီး ဒါဟာ လတ်တလော မောင်တောမှာ ပြဿနာတွေ ဖြစ်နေချိန်နဲ့ တိုက်ဆိုင်နေလို့ ဒီအပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ