ရခိုင်ဒေသန္တရရဲတပ်ဖွဲ့ကိစ္စ အသုံးအနှုန်းလွဲမှုသာဖြစ်

  • 19 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ရခိုင်ပြည်နယ်အတွင်းမှာ ရဲသင်တန်းပေးနေ

ရခိုင်ပြည်နယ်တွင်းမှာ ဒေသန္တရ ရဲတပ်ဖွဲ့ ဖွဲ့စည်းဖို့ မရှိဘူးလို့ ပြည်ထဲရေး ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုးက နိုဝင်ဘာ ၁၈ ရက်က လုပ်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီမှာ ပြောကြားခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ ပြည်ထဲရေးနဲ့ ရခိုင်အစိုးရဘက်က အရာရှိကြီးတွေက ဒေသန္တရရဲတပ်ဖွဲ့ ဖွဲ့မယ်လို့ ပြောခဲ့တာပါ။

အခုထုတ်ပြန်တဲ့ ဒေသန္တရရဲတပ်ဖွဲ့ ဖွဲ့ဖို့ မရှိဘူးဆိုတာက ပထမအစီအစဉ်ကို ရုပ်သိမ်းလိုက်တာမဟုတ်ပဲ အသုံးအနှုန်းအပေါ် နားလည်မှုလွဲတာသာ ဖြစ်နိုင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်ထုတ်ပြန်ရေးကော်မတီက ရဲမှူးကြီး မျိုးသူစိုးက ပြောပါတယ်။

ရဲအင်အားလိုအပ်ချက်ရှိတဲ့အတွက် ရခိုင်ပြည်နယ်အပါအဝင် ပြည်နယ် ၇ ခုမှာ ရဲတပ်သားသစ် စုဆောင်းပြီး သင်တန်းပေးတာကို ဒေသန္တရရဲအဖြစ် သင်တန်းပေးတာလို့ နားလည်မှုလွဲခဲ့တာ ဖြစ်နိုင်ကြောင်း သူက ပြောပါတယ်။

ဒါပေမယ့် အသစ်စုဆောင်းထားတဲ့ ရဲအင်အား ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ ကိန်းဂဏန်းအတိအကျအနေနဲ့ မပြောနိုင်ကြောင်း ရဲမှူးကြီး မျိုးသူစိုးက ပြောပါတယ်။

အခုအခါ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းပြီး နယ်မြေရှင်းလင်း စစ်ဆင်ရေးတွေကို ဆက်လက် လုပ်ဆောင်နေပြီး ပါသွားတဲ့ လက်နက်တွေ ပြန်ရဖို့လည်း လုပ်နေတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

ပါသွားတဲ့ လက်နက် ၆၅ လက်မှာ ၂၆ လက်ပဲ ပြန်ရသေးတဲ့အတွက် ၃၉ ကျန်နေသေးတယ်လို့ ပြောပါတယ်။

အခုအချိန်ထိ အသေဖမ်းမိတဲ့ အကြမ်းဖက်တိုက်ခိုက်သူ ၆၉ ဦးရှိပြီး ဖမ်းဆီးထားသူ ၃၀၃ ဦးရှိတယ်လို့ ရဲမှူးကြီး မျိုးသူစိုးက ပြောပါတယ်။