စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး တာဝန်က ရပ်စဲခံရ

  • 19 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption အစိုးရအနေနဲ့ အကြောင်းရင်းကို ပြည်သူတွေကို အသိပေးဖို့ လိုအပ်လို့ ဒေါက်တာထွန်းဝင်းကပြော

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းကို တာဝန်မှ ရပ်စဲကြောင်း နိုင်ငံတော် သမ္မတက ထုတ်ပြန်လိုက်ပါတယ်။

ဒါဟာ အစိုးရလက်ထက်မှာ ပထမဆုံးအကြိမ် ဒုဝန်ကြီးတဦးကို ထုတ်ပယ်တာ ဖြစ်ပါတယ်။

စိုက်ပျိုးရေးပညာရှင် ဒေါက်တာ ထွန်းဝင်းဟာ NLD ပါတီရဲ့ တောင်သူလယ်သမား ကော်မတီ အဖွဲ့ဝင် တဦးလည်း ဖြစ်ပြီး ဒုဝန်ကြီးအဖြစ် ပြီးခဲ့တဲ့ မေလဆန်းကမှ ခန့်အပ်ခံရတာ ဖြစ်ပါတယ်။

ဒေါက်တာထွန်းဝင်းက ထုတ်ပယ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သံသယနဲ့ မဆုံးဖြတ်ပဲ နှစ်ဖက် မေးမြန်းပြီးမှ ဖြေရှင်းသင့်ကြောင်း ပြောဆိုလိုက်ပါတယ်။

အခုလို တာဝန်က ရပ်စဲခံရတာဟာ ဌာနတွင်း အဆင်မပြေမှုတွေကြောင့်ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီဖြစ်ရပ်တွေ မတိုင်ခင်မှာ တိုင်စာတွေ ရှိတာကြောင့် ရာထူးက နုတ်ထွက်ပြီး နေပြည်တော်ကောင်စီကို ပြောင်းဖို့ NLDပါတီ ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်က တိုက်တွန်းခဲ့ဘူးတယ်လို့ ဒေါက်တာထွန်းဝင်းက ပြောပါတယ်။

ဌာနတွင်း အဆင်မပြေမှုတွေနဲ့ ပတ်သက်ပြီး ဒေါက်တာ ထွန်းဝင်းက သမ္မတကို လိပ်မူ ပေးပို့ခဲ့ပြီး နောက်တရက်မှာပဲ နုတ်ထွက်ဖို့ တိုက်တွန်းတဲ့စာကို ဒေါက်တာထွန်းဝင်းက လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။

ပူးပေါင်းဆောင်ရွက်မှု အားနည်းပြီး အုပ်ချုပ်ရေးတာဝန် မကျေပြွန်ခဲ့တဲ့ အတွက် တာဝန်ကနေ ကိုယ့်သဘောနဲ့ကိုယ် နုတ်ထွက်ဖို့နဲ့ နုတ်မထွက်ခဲ့ရင် ဥပဒေအရ တာဝန်က ရပ်စဲမယ် ဆိုတဲ့ နိုင်ငံတော် သမ္မတရုံးက စာကို နိုဝင်ဘာလ ၁၇ရက်နေ့က ရခဲ့တယ်လို့ ဒေါက်တာထွန်းဝင်းက ပြောပါတယ်။

သူက ဒီလို နုတ်မထွက်လိုပဲ နိုင်ငံတော် သမ္မတ အမိန့်နဲ့ အရေးယူတာကိုပဲ လက်ခံမယ်လို့ အကြောင်းပြန်ခဲ့တဲ့အတွက် နောက်တနေ့မှာပဲ တာဝန်က ရပ်စဲစေတဲ့ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို ဘီဘီစီက ဆက်သွယ် မေးမြန်းခဲ့ပေမယ့် မှတ်ချက်မပေးလိုဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ