မူဆယ်ခရိုင် (၁၀၅) မိုင်စခန်းဘက်မှာ တိုက်ပွဲဆက်တိုက်ဖြစ်

  • 20 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Aung Win
Image caption (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ကို ယာယီပိတ်ထား

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်တလျောက် ကေအိုင်အေ၊ ရခိုင်တပ်မတော်၊ တအောင်းနဲ့ကိုးကန့်တပ်တွေပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင်များအဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ အကြား တနင်္ဂနွေနေ့ တိုက်ပွဲတွေအတွင်း လမ်းတံတား ပျက်စီးမှုတွေ အပါအဝင် လူသေဆုံးမှုနဲ့ ဒဏ်ရာရမှုတွေ ရှိနေပါတယ်။

မြန်မာ့တပ်မတော်ရဲ့ စစ်ရေးဖိအားပေးမှုတွေကြောင့် အခုလို တိုက်ရတာဖြစ်တယ်လို့ မြောက်ပိုင်းမဟာမိတ် ညီနောင်များအဖွဲ့က ကြေညာထားပါတယ်။

အများပြည်သူတွေ စစ်ဘေးရှောင်ရှားဖို့အတွက် ရှမ်းပြည်မြောက်ပိုင်း ခရီးသွားလာမှု ဆိုင်းငံ့ထားဖို့ကိုလည်း ဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်ဒေသတခုဖြစ်တဲ့ မူဆယ်ခရိုင် အတွင်း မှာ ကနေ့မနက် (၃) နာရီခွဲလောက်ကစပြီး မုံးကိုး၊ မုံးပေါ်၊ ဖေါင်းဆိုင် နဲ့ကြူကုတ်(ပန်ဆိုင်း) ဘက်က အစိုးရစစ်တပ် တပ်စခန်း နဲ့ ရဲစခန်းတွေကို ဒေသတွင်းက ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင် တွေက နေရာခွဲပြီး ဖြန့်ကျက် တိုက်ခိုက်ခဲ့ပါတယ်။

နေရာတချို့မှာ မနက် (၆) နာရီဝန်းကျင်၊ နေရာတချို့မှာ (၇) နာရီ ဝန်းကျင် နဲ့နေရာတချို့မှာ (၉) နာရီကျော်ခန့်အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

တရုတ်-မြန်မာနယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် ကိုတော့ တအောင်း-ပလောင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က အဓိက နေရာယူ တိုက်ခိုက်ခဲ့တာဖြစ်ပြီး KIA လဲ ပါဝင်တယ်လို့ဆိုကြပါတယ်။

ဓာတ်ပုံ မူပိုင် Aung Win
Image caption (၁၀၅) မိုင်မှာ ပိတ်မိနေတဲ့ ကုန်သည်တွေနဲ့ ခရီးသွားတွေ

မနက် (၆) နာရီလောက်မှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်မှာ ကုန်သည် (၂) ဦး၊ ရဲနဲ့ အကောက်ခွန်ဝန်ထမ်း တချို့ အပါ လူတော်တော်များများ သေနတ်ထိမှန် ဒဏ်ရာရ ခဲ့ပြီး သေဆုံးမှုတွေ ရှိခဲ့ကြောင်း ဒေသခံတွေ ဘက်က သတင်းရရှိ ပါတယ်။

ရှမ်းမြောက်-မူဆယ်ခရိုင်အတွင်းက ကနေ့ဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စုစုပေါင်း (၃) ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူပေါင်း (၂၀)ကျော် ရှိခဲ့ရာ ဒဏ်ရာရသူတွေကို မူဆယ်ဆေးရုံကြီးမှာ တင်ထားရကြောင်း နောက်ဆုံးသိရှိရပါတယ်။

ဒီနေ့တိုက်ပွဲမှာ ပြည်ထောင်စုလမ်းမပေါ်က နန့်ပေါ်တံတားနဲ့ ဆွမ်လုံတံတားအပြင် သိန္နီ မြို့အဝင်က နမ္မတူတံတားလည်း အနည်းငယ်ပျက်စီးခဲ့တာကြောင့် အသွားလာတွေ မရှိသလောက် နည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်အတွင်း တပ်စခန်းတွေ ၊ ရဲတပ်ဖွဲ့စခန်းတွေနဲ့ (၁၀၅) မိုင် ကုန်သွယ်ရေးစခန်းကို လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ အလစ်အငိုက် တစ်ချိန်တည်းတစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့လို့ လမ်းတံတားတွေပျက်စီးခဲ့ပြီး ပြည်သူအများအပြားဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တီအန်အယ်လ်အေ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်အိုက်ကျော်က သူတို့အဖွဲ့လေးဖွဲ့ပေါင်းတိုက်တာမှန်ကန်ကြောင်းနဲ့ အစိုးရတပ်တွေက လူနေကျေးရွာတွေနားမှာ သူတို့တပ်စခန်းတွေကို လာထိုးစစ်ဆင်တာတွေကြောင့် ပြည်သူတွေ အန္တရာယ်နည်းအောင် စစ်ရေးဗျူဟာအရ လမ်းမကြီးပေါ်မှာထွက်တိုက်တာဖြစ်တဲ့အကြောင်း ရှင်းပြပါတယ်။

လတ်တလောမှာ သိန္နီ - မူဆယ်လမ်းကတော့ အသွားလာမရှိသလောက်ဖြစ်သွားပြီး (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ကို ဒီကနေ့ယာယီပိတ် ထားရကြောင်းသိရပါတယ် ။

(၁၀၅) မိုင်နားမှာ ပိတ်မိနေတဲ့ ကုန်သည်တွေနဲ့ ခရီးသွားတွေကတော့ မူဆယ်ကို ပြန်သွားကြရပြီး သက်ဆိုင်ရာက တည်းခိုဖို့ စီစဉ်ပေးနေတယ်လို့ သိရပါတယ် ။