တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး အချက်အချာ ဒေသမှာ တိုက်ပွဲတွေ ဖြစ်လာ

  • 21 နိုဝင်ဘာ 2016
Image caption လုံခြုံရေး တပ်ဖွဲ့ဝင်တွေ နဲ့ အရပ်သားတွေ ထိခိုက် သေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် နဲ့ ကွတ်ခိုင် မြို့နယ် တွေထဲက အစိုးရ စစ်တပ်နဲ့ ရဲ စခန်းတွေ အပါအဝင် ၁ဝ၅ မိုင် ကုန်သွယ်ရေး စခန်းတွေ အတိုက်အခိုက် ခံခဲ့ရတဲ့ အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေ နဲ့ အရပ်သားတွေ ထိခိုက် သေဆုံး ခဲ့ရတယ်လို့ အစိုးရက ထုတ်ပြန် ပါတယ်။

ကချင် လက်နက်ကိုင် ကေအိုင်အေ၊ ကိုးကန့်တပ် အမ်အန်ဒီအေအေ၊ တအာင်းပလောင် တပ် တီအန်အယ်လ်အေနဲ့ ရခိုင်တပ် အေအေ တို့ ပူးပေါင်း ထားတဲ့ မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု က တိုက်ခိုက် ခဲ့ကြတာ ဖြစ်ပါတယ်။

အစိုးရ စစ်တပ်ရဲ့ စစ်ရေး အရ ဖိအား ပေးမှု တွေကြောင့် အခုလို တိုက်ခိုက် ရတာ ဖြစ်တယ်လို့ အဲဒီ မဟာမိတ် တပ်ပေါင်းစုက ကြေညာ ထားပြီး၊ တိုက်ပွဲဖြစ်ရာ ရှမ်းပြည် မြောက်ပိုင်း ဒေသတွေမှာ အရပ်သူ အရပ်သားတွေ ခရီးသွားလာတာ ဆိုင်းငံ့ ထားဖို့လည်း အဲဒီ့ အဖွဲ့က သတိ ပေး ထားပါတယ်။

တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး အချက်အချာ ကျတဲ့ မူဆယ် ခရိုင်ထဲ နေရာ အနှံ့အပြား မှာ တပြိုင်နက်တည်း လိုလို တိုက်ပွဲ တွေ ပေါ်ပေါက် ခဲ့တာ ဟာ နောက်ပိုင်း ဆယ်စုနှစ် တွေ အတွင်း ပထမဆုံး အကြိမ် ဖြစ်တယ်လို့ တရုတ်နိုင်ငံ နယ်စပ်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

နိုဝင်ဘာ ၂ဝရက် တနင်္ဂနွေနေ့ တိုက်ပွဲတွေကြောင့် တရုတ် နယ်စပ် ဘက်က တိမ်းရှောင် လာရတဲ့ အရပ်သား စစ်ဘေး ဒုက္ခသည်တွေ မရှိသေး ပေမယ့်၊ နယ်စပ် ဒေသ တည်ငြိမ်ဖို့ လိုလားတဲ့ တရုတ် အစိုးရ အတွက် မူဆယ် ခရိုင် တိုက်ပွဲတွေ အပေါ် နှစ်မျို့မှာ မဟုတ်ဘူး လို့လည်း ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

ကချင် ပြည်နယ် မန်စီနဲ့ မိုးမောက် နယ်မြေတွေ ထဲမှာ အစိုးရ စစ်တပ်က နယ်မြေ စိုးမိုးရေး ခေါင်းစဉ်နဲ့ ထိုးစစ် တွေ ပြုလုပ် နေပြီး လက်နက်ကြီး တွေ အပြင်းအထန် အသုံးပြု နေတဲ့ အပေါ် ကေအိုင်အေ ဘက်က လက်တုံ့ပြန် တဲ့ အနေနဲ့ ကေအိုင်အေ တပ်မဟာ ၄ နယ်မြေ မူဆယ် ခရိုင် ထဲက အစိုးရ စစ်စခန်း ပစ်မှတ်တွေကို တိုက်ခိုက် လာတာ ဖြစ်နိုင်တယ် လို့ ယူဆ ရပါတယ်။

မြောက်ပိုင်း မဟာမိတ် ပူးပေါင်း အဖွဲ့ ထဲက လူမျိုးစု လက်နက်ကိုင် တပ်တွေဟာ တနိုင်ငံလုံး အပစ်ရပ် စာချုပ် NCA ထဲ အစိုးရ စစ်တပ်က အဝင် မခံတဲ့ အဖွဲ့ ၃ ဖွဲ့နဲ့ မြောက်ပိုင်း ဒေသတွေမှာ အင်အား အတောင့်တင့်ဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ကေအိုင်အေ တို့ ပူးပေါင်း ထားတာ ဖြစ်ပါတယ်။

အခုလို မြောက်ပိုင်း ဒေသတွေမှာ တိုက်ပွဲတွေ ပေါ်ပေါက် လာတဲ့ အတွက် တနိုင်ငံလုံးကို လွှမ်းခြုံ နိုင်တဲ့ အပစ်အခတ် ရပ်စဲရေး ဖြစ်လာ ဖို့နဲ့ အနှစ်သာရ ရှိတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ အထမြောက် လာဖို့ မျှော်လင့်ချက် အင်မတန် ထိခိုက် သွားရတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ