ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်

  • 21 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် EPA
Image caption ကချင် လက်နက်ကိုင် KIA ၊ ကိုးကန့်တပ် MNDAA ၊ တအာင်းပလောင် တပ် TNLA နဲ့ ရခိုင်တပ် AA တို့ ပူးပေါင်း ထားတဲ့ တပ်ပေါင်းစု

မြန်မာပြည် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု ကနေ ရှမ်းပြည် မြောက်ပိုင်း မှာ တပ်မတော်နဲ့ ရဲ့တပ် ဖွဲ့တွေ အပေါ် တနင်္ဂနွေ နေ့က တိုက်ပွဲတွေ စတင် ခဲ့ရာ တနင်္လာ နေ့မှာတော့ တပ်မတော် ဘက်ကနေ တန်ပြန် တိုက်ခိုက် မှုတွေ ပြုလုပ် ခဲ့တဲ့ အတွက် နှစ်ဖက် တိုက်ပွဲတွေ အပြင်း အထန် ဖြစ်နေ ပါတယ်။

မုံးကိုး မန်တုန် ဘက်မှာ တိုက်ပွဲတွေ တနေကုန် ဖြစ်ခဲ့ပြီး ကားလမ်းမတွေ ပေါ်မှာလည်း တပ်မတော် ဘက်က တက်လာတဲ့ အတွက် တိုက်ပွဲတွေ အတော် ပြင်းထန် တယ်လို့ TNLA တအာန်းပလောင် အဖွဲ့က အတွင်းရေးမှူးဖြစ်တဲ့ ဗိုလ်မှူးကြီး တာဘုန်းကျော်က ဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲတွေ ပြင်းထန်တဲ့ အတွက် အကျ အဆုံးလည်း များလိမ့် မယ်လို့ ဗိုလ်မှူးကြီး တာဘုန်းကျော်က ဆိုပါတယ်။

ဒီတိုက်ပွဲတွေ အဆုံးသတ်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အဲလ်ဒီ အစိုးရနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော် တို့ အပေါ်မှာ မူတည်တယ်လို့လည်း သူက ပြောပါတယ်။

စစ်ရေးနည်းနဲ့ တုံ့ပြန်ခဲ့မယ် ဆိုရင်တော့ တိုက်ပွဲတွေက ဒီထက်ပို ပြင်းထန်လာဖို့ ရှိတယ်လို့ သူကပြောပါတယ်။

တနိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ် NCA ကို တဘက်က လုပ်ဆောင်နေ ပေမယ့်လည်း တဘက်မှာ တိုင်းရင်းသား ဒေသတွေကို တပ်မတော်က လနဲ့ချီကြာ ထိုးစစ် ဆင်နေ တာကြောင့် အခုလို သူတို့ဘက်က စစ်ရေး တိုးမြှင့်တာလို့ လည်း ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောပါတယ်။

ထွက်ပြေးဒုက္ခသည်များ

အခုလို တိုက် ပွဲတွေကြောင့် တရုတ်ပြည်ဘက်ကို ထောင်ဂဏန်းလောက် ထွက်ပြေး ခဲ့ပြီး၊ အဲဒီ ဒုက္ခသည် တွေကို တရုတ် ဘက်က အသေအချာ ကူညီပေး နေတယ်လို့ ဘီဘီစီ သတင်းထောက် ဦးမျိုးသစ်က ပြောပါတယ်။

ဒါ့အပြင် မူဆယ် ခရိုင် အတွင်းမှာ ပဲ ထွက်ပြေး နေရတဲ့ ဒုက္ခ သည် အရေ အတွက်လည်း ထောင်နဲ့ချီ ရှိနေပြီး နီးစပ်ရာ ဘုန်းကြီးကျောင်း တွေက အကူအညီပေး ထားကြပါတယ်။

တရုတ် မြန်မာ နယ်စပ် ကုန်သွယ်ရေး အခြေ အနေ ကတော့ လုံးဝနီးပါး ပြတ်တောက် သွားပြီး တရုတ် ဘက်ခြမ်းမှာ မြန်မာ ဘက်က တင်သွား ခဲ့တဲ့ လက်ကျန် ကုန် အနည်းငယ်အလောက်ပဲ အရောင်းအဝယ် ရှိတော့တယ်လို့ ဦးမျိုးသစ်က ပြောပါတယ်။

တရုတ်ဘက်ကတုံ့ပြန်ချက်

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် နဲ့ ကွတ်ခိုင် မြို့နယ် အတွင်း အစိုးရ စစ်တပ်၊ ရဲ စခန်းတွေနဲ့ ၁ဝ၅ မိုင် ကုန်သွယ်ရေး စခန်းတွေ တိုက်ခိုက် ခံခဲ့ရ ပြီးနောက် တရုတ် တပ်ဖွဲ့ တွေကို တရုတ် မြန်မာ နယ်စပ် မှာ တပ်လှန့် ချထား ပါတယ်။

တရုတ် နိုင်ငံခြားရေး ဌာန ပြောခွင့် ရသူ Geng Shuang က ဘေဂျင်း မြို့တော်မှာ ရှိတဲ့ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက နယ်စပ် တလျှောက် နေထိုင် ကြတဲ့ တရုတ် နိုင်ငံသား တွေကို ကာကွယ်ဖို့ လိုအပ်တဲ့ ဆောင်ရွက် မှုတွေ အားလုံးကို လုပ်ဆောင် သွားမယ်လို့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ကျည်ဆန် တချို့ တရုတ် နိုင်ငံထဲ အထိ ကျလာ ခဲ့ပြီး တရုတ် နိုင်ငံသား တစ်ယောက်ရဲ့ လက်မောင်းကို ထိမှန် ခဲ့တယ်လို့ တရုတ် ဘက်က ပြောပါတယ်။

မြန်မာပြည် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု

ကချင် လက်နက်ကိုင် KIA ၊ ကိုးကန့်တပ် MNDAA ၊ တအာင်းပလောင် တပ် TNLA နဲ့ ရခိုင်တပ် AA တို့ ပူးပေါင်း ထားတဲ့ တပ်ပေါင်းစု ဖြစ်ပါတယ်။

မြောက်ပိုင်း မဟာမိတ် ပူးပေါင်း အဖွဲ့ ထဲက လူမျိုးစု လက်နက်ကိုင် တပ်တွေဟာ တနိုင်ငံလုံး အပစ်ရပ် စာချုပ် NCA ထဲ အစိုးရ စစ်တပ်က အဝင် မခံတဲ့ အဖွဲ့ ၃ ဖွဲ့နဲ့ မြောက်ပိုင်း ဒေသတွေမှာ အင်အား အတောင့် တင်းဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ကေအိုင်အေ တို့ ပူးပေါင်း ထားတာ ဖြစ်ပါ တယ်။

အခုလို မြောက်ပိုင်း ဒေသတွေမှာ တိုက်ပွဲတွေ ပေါ်ပေါက် လာတဲ့ အတွက် တနိုင်ငံလုံးကို လွှမ်းခြုံ နိုင်တဲ့ အပစ်အခတ် ရပ်စဲရေး ဖြစ်လာ ဖို့နဲ့ အနှစ်သာရ ရှိတဲ့ နိုင်ငံရေး ဆွေးနွေး ပွဲတွေ အထမြောက် လာဖို့ မျှော်လင့်ချက် အင်မတန် ထိခိုက် သွားရတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ