မြန်မာ့ငြိမ်းချမ်းရေး ဘယ်ကိုဦးတည်နေပြီလဲ

  • 22 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Democratic Party Myanmar facebook
Image caption အစိုးရက လွှတ်တော်၊ တပ်မတော် တို့နဲ့ ညီညီညွတ်ညွတ် ဆောင်ရွက်နေတာ တွေ့ရတယ်လို့ ဦးသုဝေက ပြောပါတယ်

မြန်မာ နိုင်ငံ မြောက်ပိုင်းက လက်နက်ကိုင် မဟာမိတ် တပ်ပေါင်းစုက နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းနဲ့ ဖြေရှင်းဖို့ အစိုးရကို ဖိအား ပေးတဲ့ အနေနဲ့ ဆိုပြီး တပ်မတော်နဲ့ ရဲတပ် ဖွဲ့တွေ အပေါ် တနင်္ဂနွေ နေ့က တိုက်ခိုက် မှုတွေ စတင် ခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က တိုင်းရင်းသား နယ်မြေ တွေမှာ တပ်မတော်ရဲ့ ထိုးစစ်တွေနဲ့ ပတ်သက်လို့ တစုံ တရာ ထုတ်ဖော် မပြောတာ ကိုလည်း လက်နက်ကိုင် အဖွဲ့တွေက မကျေ မနပ် ပြောဆို နေတာတွေ ရှိပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မီတီ UPDJC ဒုတိယ ဥက္ကဌ လည်းဖြစ် ဒီမိုကရက်တစ်ပါတီ မြန်မာ ဥက္ကဌ ဦးသုဝေ ကတော့ အခု ဖြစ်စဉ်တွေ နဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင် ခံရုံး ကနေ သဘောထား တွေ ထုတ်ပြန် နေကြောင်း၊ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အပစ် အခတ်တွေ ရပ်စဲဖို့ ပြတ်ပြတ် သားသား ထုတ်ပြော ကြား စေချင်တယ် လို့လည်း သူက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည် အနေနဲ့က တပ်မတော်နဲ့ ပြေလည်မှ သူရှေ့ဆက် ဆောင်ရွက်မယ့် လုပ်ငန်းတွေ အဆင် ပြေအောင် လုပ်နိုင်မယ် ဆိုတဲ့ သဘော ရှိပုံ ရတယ် လို့ လည်း သုံးသပ် မှုတွေ ရှိနေ ပါတယ်။

ဦးသုဝေ က အစိုးရ အနေ အနေနဲ့ လွှတ်တော်၊ တပ်မတော် တို့နဲ့ ညီညီ ညွတ်ညွတ် ဆောင်ရွက်နေတာ တွေ့ရ တယ်လို့ ပြောပါတယ်။

သူက ဆက်ပြောကြား ရာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အကြား ငြိမ်းချမ်းရေး လိုလားတဲ့ အဖွဲ့တွေက ငြိမ်းချမ်းမယ့် နည်းလမ်းတွေကို ပြောဆို မှုတွေ ရှိနေပြီး တချို့ ကတော့ ငြိမ်းချမ်းရေး မရနိုင်တဲ့ အကြောင်းတွေ ပြောပြီး ရပ်တည် နေတာမျိုး ခြားနား မှုတွေ ရှိနေတယ် လို့ ဆိုပါတယ်။

တိုင်းပြည်က မငြိမ် မသက် ဖြစ်နေတဲ့ အခြေ အနေ မျိုး ဖြစ်နေတဲ့ အတွက် တချို့ အဖွဲ့ တွေက ကိုယ့်ဘက် ပါအောင် ကစား နေကြတယ်လို့ ယူဆကြောင်း သူက ဆိုပါ တယ်။

တပ်မတော် က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အဲလ်ဒီ အစိုးရကို အကြပ် အတည်း ဖြစ်အောင် လုပ်နေ သလား ဆိုတဲ့ ထင်မြင် ယူဆ ချက်တွေ အပေါ်မှာတော့ ဒါဟာ မဖြစ်နိုင်ကြောင်း ဦးသုဝေက ဘီဘီစီကို သုံးသပ် ပြောဆို သွားခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ