နမ့်ခမ်းနဲ့ မန်ဝန်းကြီးဘက်မှ တိုက်ပွဲတွေဖြစ်

  • 23 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် MOI
Image caption ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာတွေ

ရှမ်းပြည်နယ်နဲ့ ကချင် ပြည်နယ် နားမှာ ရှိတဲ့ နမ့်ခမ်းနဲ့ မန်ဝန်းကြီး ဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အစိုးရ စစ်တပ်ဖက်က ရဟတ်ယာဉ် တစီး ပျက်ကျခဲ့တယ်လို့ ဆိုပါတယ်။

နယ်စပ်ကလာတဲ့ သတင်းတွေ အရ ရှမ်းပြည် မြောက်ပိုင်းမှာ KIA ကချင် လွတ်မြောက်ရေး တပ်မတော် ၊ AA ရခိုင့် တပ်မတော် ၊ MNDAA ကိုးကန့်အဖွဲ့ နဲ့ TNLA တအောင်း ပလောင် လွတ်မြောက်ရေး အဖွဲ့ တို့ပေါင်းပြီး မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု က မြန်မာ့ တပ်မတော်နဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

နမ့်ခမ်းနဲ့ မန်ဝန်းကြီးဖက်ကူးတဲ့ ရွှေလီတံတားကို သက်ဆိုင်ရာက ပိတ်ထားတဲ့ကြောင်း သိရပါတယ်။

လက်နက်ကြီးသံတွေကို ကြားနေရပြီး တည်ငြိမ်မှု ပြန်ရဖို့မလွယ်သေးဘဲ ကျောင်းတွေလဲပိတ်ထားတယ်လို့ နမ့်ခမ်းမြို့က တအာင်း ပလောင်အမျိုးသားပါတီရဲ့ ပြည်နယ်လွှတ်တော်အမတ် စိုင်းအေးမောင်က ပြောပါတယ်။

နို၀င်ဘာ ၂၃ ရက်နေ့မှာ နမ့်ခမ်းမြို့နယ် ကောင်းကတ်ရွာမှာ လက်နက်ကြီးကျလို့ သားအဖ ၂ယောက်ဆုံးသွားပြီး တယောက်ဒဏ်ရာခဲ့သလို နို၀င်ဘာ ၁၉ ရက်နေ့ ကလည်း မန်ပိုးကျေးရွာ ရွာထဲ လက်နက်ကျခဲ့တဲ့ အတွက် အမျိုးသမီးတယောက်နဲ့ ကလေးတယောက် ဒဏ်ရာရခဲ့တယ်လို့ သူက ဆိုပါတယ်။

ရှမ်းပြည် မြောက်ပိုင်း တခုလုံး နီးပါးလိုမှာ တိုက်ပွဲတွေ ဖြစ်နေပြီး မုံးကိုး ၊ ဖောင်းကိုင် နဲ့ မူဆယ် ၁၀၅ မိုင် နဲ့ ကွတ်ခိုင်ကြား အပြင် ကချင် တပ်မဟာ ၃ ဖက်မှာလည်း ပစ်ခတ်မှုတွေ ပြင်းထန်သလို မန်တုန်မှာလည်း တိုက်ပွဲတွေ ဖြစ်တယ်လို့ တအောင်းပလောင် အဖွဲ့က တာဖုန်းကျော်က ပြောပါတယ်။

ကချင်တပ်မဟာ ၃ ကို လာပစ်တဲ့ တပ်မတော်ရဲ့ ရဟတ်ယာဉ် တစင်း ရွှေလီ မြစ်ကမ်းဘေး ပျက်ကျသွားတယ်လို့ တာဖုန်းကျော်က ဆိုပါတယ်။

မူဆယ်မြို့ပေါ်မှာတော့ စျေးဆိုင်အနည်းငယ် ပြန်ဖွင့်ခဲ့ပြီး ရှမ်းပြည်နယ် အစိုးရ အကူအညီနဲ့ ဒုက္ခသည် စခန်း ငါးခု ဖွင့် ကာ အကူအညီပေးနေတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ မူဆယ် ဒေသခံ ပြည်နယ် လွှတ်တော်အမတ် စိုင်းကျော်သိန်းပြောပါတယ်။

အခုလို တိုက်ပွဲတွေ ဖြစ်နေတာကြောင့် တရုတ်ပြည်ဖက် ထွက်ပြေးလာတဲ့ ဒုက္ခသည် သုံးထောင်လောက် ရှိပြီး တခြားကို ထွက်ပြေးသူ အရေအတွက်ကတော့ တသောင်းလောက် ရှိပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ တကျော့ပြန် တိုက်ပွဲတွေ ဖြစ်လာတာနဲ့ ပတ်သက်လို့ ကေအိုင်အေ ၊ ကချင် လွတ်မြောက်ရေး တပ်မတော်က ကြေညာချက် တရပ် ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု အဖွဲ့က စုပေါင်းကာ အခုလို ကန့်သတ်စစ် ဆင်နွှဲပေမယ့် အရပ်သားတွေ အကျိုးစီးပွား ထိခိုက်မှုမရှိအောင် အထူးသတိထား ဆောင်ရွက်သွားမှာ ဖြစ်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ထိခိုက်စေဖို့ မရည်ရွယ်ဘူးလို့ ဖော်ပြထားပါတယ်။

တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ် တချိန်လုံး ထိုးစစ်ဆင်နွှဲနေခဲ့တဲ့ အတွက် မြောက်ပိုင်း မဟာမိတ် တပ်တွေက ပြန်လည် တုန့်ပြန်ရတာ ဖြစ်တယ်လို့ ကေအိုင်အိုရဲ့ ပြောခွင့်ရပုဂ္ဂိလ် ဦးဒေါင်ခါးက ပြောပါတယ်။

အစိုးရရဲ့ ကြေညာချက် အရ တပ်မတော်က ပြန်တိုက်မယ်လို့ ထုတ်ပြန်ခဲ့တာကြောင့် အခုဆိုရင် ကန့်သတ်စစ်ကနေ တရားဝင် စစ်ပွဲ ပုံစံမျိုး ဖြစ်နေပြီး တကယ်လို့ တပ်မတော်က ဒါကို ဘယ်လို ထိန်းချုပ် ၊ တားဆီး ၊ ညှိနှိုင်း သွားမလဲ ဆိုတဲ့ အဖြေရှာမှုပေါ်မှာ မူတည်ကာ တိုက်ပွဲတွေ ငြိမ်ကျသွားမှာပါလို့ ဦးဒေါင်ခါး က ဆိုပါတယ်။

အခုလို မြန်မာ နိုင်ငံမြောက်ပိုင်းမှာ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ စပ်လျဉ်းလို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ် ဉီးဆောင်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ကလည်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲတွေ ဖြစ်နေတာနဲ့ ပတ်သက်လို့ ထိခိုက် သေဆုံးမှုတွေ ရှိခဲ့တဲ့ အတွက် အထူး ၀မ်းနည်းကြေကွဲ စိတ်မကောင်း ဖြစ်ရကြောင်းနဲ့ အခုလို လက်နက်ကိုင် နည်းနဲ့ ဖြေရှင်းတာဟာ ပြည်တွင်းစစ်ကို အဓွန့်ရှည်စေပြီး ဆိုးကျိုး ရစေတာကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ သည်သာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ တခုတည်းသော လမ်းကြောင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေဟာ တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးပြီး ၂၀၁ရဖေဖော်ဝါရီမှာ ကျင်းပမယ့် ဒုတိယမြောက် ၂၁ ရာစု ပင်လုံ ညီလာခံကို အတူပါ၀င်ဖို့ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ