ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြီး ရခိုင်အရေး စိုးရိမ်ကြောင်းပြော

  • 23 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption နယ်မြေ ရှင်းလင်းရေးကြောင့် မောင်တောမြို့နယ်က နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေကြ

ဘင်္ဂလားဒေ့ရှ် ဆိုင်ရာ မြန်မာ နိုင်ငံ သံအမတ်ကြီး ဦးမျိုးမြင့်သန်းကို ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက နိုဝင်ဘာလ ၂၃ ရက်နေ့က ဆင့်ခေါ်ပြီး ရခိုင်ပြည်နယ်မှာ မြန်မာ တပ်မတော်က နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်မှုတွေကြောင့် ရိုဟင်ဂျာတွေ ထောင်နဲ့ ချီပြီး ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးလာတဲ့ အခြေအနေ တွေနဲ့ ပတ်သက်လို့ အထူး စိုးရိမ်မကင်း ဖြစ်မိကြောင်း ပြောခဲ့ပါတယ်။

မြန်မာဖက်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ကို လတ်တလော ဝင်ရောက် လာသူတွေကို ပြန်လည် လက်ခံ ခေါ်ယူရေး ကိစ္စ စီစဉ်ဆောင်ရွက်ဖို့လည်း တိုက်တွန်း ခဲ့တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဝင်ရောက် ခိုလှုံဖို့ ကြိုးစားသူတွေကို မြန်မာ ဖက်က တားဆီးပေးဖို့နဲ့ အခြေအနေ တည်ငြိမ်အောင် ထိန်းသိမ်းပြီး ထွက်ပြေး လာသူတွေ သူတို့ ကျေးရွာတွေကို လုံခြုံစိတ်ချတဲ့ အနေအထားနဲ့ ပြန်နေနိုင်အောင် အရေးတကြီး ဆောင်ရွက်ဖို့ ကိုလည်း ဘင်္ဂလားဒေ့ရှ် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေကိုလည်း လွတ်လပ် တရားမျှတပြီး ဘက်မလိုက်တဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်ပြီး ဥပဒေနဲ့ အညီ ဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ အစိုးရက မေတ္တာ ရပ်ခံခဲ့ ပါတယ်။

တချိန်တည်း မှာပဲ နှစ်နိုင်ငံနယ်စပ်က ကော့စ်ဘဇားမြို့မှာလည်း နှစ်ဘက်နယ်ခြားစောင့် တပ်ဖွဲ့ တာဝန်ရှိသူတွေ တွေ့ဆုံပြီး နှစ်နိုင်ငံ အလံတင် အစည်းအဝေး ပြုလုပ်ခဲ့ ပါတယ်။

မြန်မာဘက်က ကိုယ်စားလှယ် ၅ ဦး တက်ရောက်ခဲ့ပြီး ဆွေးနွေးတဲ့ အကြောင်းအရာတွေ ကိုတော့ အခုချိန်ထိ ထုတ်ဖော် ပြောဆိုတာ မရှိသေးပါဘူး။

မောင်တောမြို့နယ်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေ တွေနဲ့ ပတ်သက်ပြီး ဒက္ကား တက္ကသိုလ်နဲ့ ကော့စ်ဘဇားမြို့တို့မှာ ဆန္ဒပြကန့်ကွက်မှုတွေ ပေါ်ပေါက်ခဲ့ ပါတယ်။

မလေးရှား နိုင်ငံ ကတော့ မြန်မာ အစိုးရက ရိုဟင်ဂျာတွေ အပေါ် နှိပ်ကွပ်မှု တွေကို ကန့်ကွက်တဲ့ အနေနဲ့ အာဆီယံ ဖလား ဘောလုံး ပြိုင်ပွဲ မြန်မာနဲ့ ပူးတွဲ အိမ်ရှင် အဖြစ် ကျင်းပဖို့ အစီစဉ် ကနေ နုတ်ထွက်ဖို့ စဉ်းစားနေတယ်လို့ မလေးရှား လူငယ်နဲ့ အားကစား ဝန်ကြီးက ပြောကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ