အစိုးရရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲ ပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်

  • 23 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption မူဆယ်မှာ ကင်းလှည့်နေတဲ့ အစိုးရ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ

မြန်မာ နိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ် နိုင်ရေး အတွက် ကြိုးစား နေချိန် မှာပဲ ရှမ်းပြည်နယ် အရှေ့မြောက် ဒေသမှာ တိုက်ပွဲတွေ ပေါ်ပေါက် လာပြီး လူတွေ ထိခိုက် သေဆုံး ခဲ့ရတဲ့ အတွက် အထူးပင် ဝမ်းနည်း ရတယ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းငြိမ်းချမ်းရေး အတွက် သူ ဦးဆောင် ဖွဲ့ထားတဲ့ NRPC ရုံးရဲ့ ဥက္ကဌ အနေနဲ့ စာ ထုတ်ပြန် လာပါတယ်။

လက်နက်ကိုင် နည်းလမ်းကြောင့် ပြည်တွင်းစစ် အဓွန့် ရှည် ခဲ့ရတဲ့ မြန်မာပြည်ဟာ ဒီ့ပြင် နိုင်ငံတွေနဲ့ ယှဉ်ရင်ဆယ်စုနှစ် ၇ ခုစာလောက် နောက်ကျ ကျန်ခဲ့ရပြီ ဖြစ်တယ်လို့ အဲဒီ့စာထဲ ဆိုထားပါတယ်။

လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းဖို့ ဆိုရင်၂၁ ရာစု ပင်လုံ ညီလာခံကသာ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် တစ်ခုတည်းသော နည်းလမ်း ဆိုပြီး တော့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

NCA လို့ ခေါ်တဲ့ တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ်ကို လက်မှတ်ထိုးပြီး အစိုးရက ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် တန်းတူရည်တူ အမြန်ဆုံး ပါဝင်လှည့်ပါ ဆိုပြီး တော့လည်း ဖိတ်ခေါ် ထားပါတယ်။

အစိုးရ စစ်တပ်က NCA ထဲ အပါမခံတဲ့ ကိုးကန့် MNDAA ၊ တအာင်းပလောင် TNLA နဲ့ ရခိုင် AA တပ်တွေနဲ့ NCA လက်မှတ် မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲ အင်အား အတောင့် တင်းဆုံးလို့ ရှု့မြင် ထားကြတဲ့ ကချင် လက်နက်ကိုင် KIA တို့ စုပေါင်း ထားတဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့က အရှေ့မြောက် ဒေသမှာ မူဆယ် ခရိုင်ထဲ တိုက်ပွဲတွေ ဖော်ဆောင် လာတာ ဖြစ်ပြီး အစိုးရ စစ်တပ်က စစ်ရေး အရ ဖိအားပေး နေတာကို တုံ့ပြန် ရတာ ဖြစ်တယ်လို့ ပြောဆို ထားပါတယ်။

NCA လက်မှတ် မထိုးသေးပေမယ့် အစိုးရနဲ့ကြား ထိတွေ့ ဆက်ဆံမှု အမြဲ ရှိနေတဲ့ KIA အနေနဲ့ စစ်ရေး ဖော်ထုတ် လာတာဟာ ထူးခြားတယ် ဆိုပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မီတီ UPDJC အဖွဲ့၀င် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

တိုင်းရင်းသား နယ်မြေ တွေမှာ အစိုးရ စစ်တပ်ဘက်က စစ်ရှိန် လျှော့ပေးဖို့ လူမျိုးစု လက်နက်ကိုင်တပ်တွေရဲ့ လိုလားချက် အထမမြောက် နိုင် ဖြစ်နေရတဲ့ အတွက် အကောင်းဆုံး ခံစစ်က ထိုးစစ်ပဲ ဆိုတဲ့ သဘောမျိုးနဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့က တန်ပြန် ထိုးစစ် ဖော်လာတာ ဖြစ်နိုင်တယ် လို့လည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက သုံးသပ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ပြန်ချက်ထဲ မှာတော့ အစိုးရ စစ်တပ်နဲ့ တခြား လုံခြုံရေး တပ်ဖွဲ့ တွေရဲ့ ကြိုးစားမှုကြောင့် အရှေ့မြောက် ဒေသမှာ အခြေအနေကို အတိုင်းအတာ တစ်ခုထိ တည်ငြိမ်အောင် ထိန်းသိမ်း ထားနိုင်တယ် ဆိုပြီး ချီးကျူး ပြောဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ