ဆရာကြီးဦးရာဇတ်ရဲ့ ပုံတူ ကြေးရုပ်ဖွင့်လှစ်

  • 24 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် BBC BURMESE
Image caption ရုပ်ထုစိုက်ထူနိုင်ရေး ၂၉ နှစ်ကြာ ကြိုးပမ်းခဲ့ရ

မန္တလေး တက္ကသိုလ်ကြီး ဖြစ်မြောက်အောင် ထည်ထောင်သူ အာဇာနည် ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဆရာကြီးဦးရာဇတ်ရဲ့ ပုံတူ ကြေးရုပ်ကို မန္တလေးတက္ကသိုလ်ထဲမှာ နိုဝင်ဘာလ ၂၄ ရက်နေ့က စိုက်ထူ နိုင်ခဲ့ပါတယ်။

ဒီရုပ်ထုစိုက်ထူနိုင်ရေးအတွက် ၁၉၈၇ ခုနှစ်ကတည်းက ကြိုးစားခဲ့ ရာမှာ အခက် အခဲတွေ ရှိခဲ့ကြောင်းနဲ့ ရုပ်ထု ထားခွင့်ရဖို့က အဓိက အခက်အခဲ ဖြစ်တယ်လို့ ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီဝင် မန္တလေး တက္ကသိုလ် ကျောင်းသားဟောင်းများ အဖွဲ့က ဦးခင်မောင်လေးက ပြောပါတယ်။

ခွင့်ပြုချက် ရဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေအဆင့်ဆင့်ကို တောင်းခံ ခဲ့ရတယ်လို့ သူကပြောပါတယ်။

ဦးရာဇတ်ရဲ့သားကြီး ဦးတင်မြင့် ကတော့ ဦးရာဇတ်ရဲ့ပုံတူ ကြေးရုပ်ကြီးကို မန္တလေး တက္ကသိုလ် ထဲက ဦးရာဇတ် ခမ်းမဆောင်လို့ နာမည်ပေး ထားတဲ့ အဆောင်ရှေ့ မြက်ခင်းပြင်မှာ စိုက်ထူနိုင်ခဲ့ တာဟာ တက္ကသိုလ် အတွက် သမိုင်းမှတ်တိုင် တစ်ခု ဖြစ်တဲ့ အပြင် မိသားစု အတွက်လည်း ဂုဏ်ယူစရာ ဖြစ်ကြောင်း ပြောပါတယ်။

ဒီအတွက် မန္တလေး မြို့သူ မြို့သားတွေ အပါအဝင် မြန်မာ ပြည်သားတွေ ဝမ်းသာကြမှာပါလို့ သူက ပြောပါတယ်။

ရုပ်ထု ဒီဇိုင်းကိုတော့ တမ္ပဝတီ ဦးဝင်းမောင် က ရေးဆွဲခဲ့တာဖြစ် ပါတယ်။

ဦးရာဇတ် ကြေးရုပ် ဖွင့်ပွဲကို အမျိုးသားလွှတ်တော် ဥက္ကဌ ပြည်ထောင်စု လွှတ်တော် နာယက မန်းဝင်းခိုင်သန်းက မန္တလေးတိုင်း ဝန်ကြီးချုပ်၊ ဦးရာဇာတ် မိသားစုတွေနဲ့ အတူ တက်ရောက် ဖွင့်လှစ် ပေးခဲ့ပါတယ်။

ဦးရာဇတ် ကြေးရုပ်ဖွင့်ပွဲ အခမ်းအနားမှာ ပါဠိဘာသာကို လေ့လာဆည်ပူးခဲ့သူ ဆရာကြီး ဦးရာဇတ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ မန္တလေး တက္ကသိုလ်က ပါဠိဘာသာ ထူးချွန်သူ ကျောင်းသား ကျောင်းသူတွေကို နှစ်စဉ် ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။

အခုနှစ် အတွက် ပါဠိဘာသာ ထူးချွန်ဆုကို ကျောင်းသူ မဇွန်နီလာဖြိုးကို ရွှေတံဆိပ်နဲ့ ငွေသားငါးသိန်း ဆုချီးမြှင့်ခဲ့ပါတယ်။