အလဲဗင်းအမှု အာမခံမရသေး

  • 25 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ထောင်ဆေးရုံမှာကုသနေရပြီးနှလုံးရောဂါဖောက်မှုရှိခဲ့လို့အာမခံလျှောက်ပေမယ့်မရခဲ့တဲ့ဒေါက်တာသန်းထွဋ်အောင်

ဆက်သွယ်ရေးဥပဒေ ပုဒ်မ (၆၆) ဃ နဲ့ တရားစွဲဆို ဖမ်းဆီးထားတဲ့ Eleven Media Group အမှုဆောင်အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင် နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ အမှုမှာ အာမခံပေးဖို့ လျှောက်ထားမှုကို နောက်တကြိမ် အမှုရုံးချိန်း နိုဝင်ဘာလ (၃၀)ရက်နေ့ ကျမှ ဆုံးဖြတ်မယ်လို့ ရန်ကုန်တိုင်းတရားရုံးက အကြောင်းပြန်ခဲ့ပါတယ်။

ဒေါက်တာ သန်းထွဋ်အောင်ဟာ လောလောဆယ်မှာ ကျန်းမာရေး မကောင်းတဲ့အတွက် အင်းစိန်ထောင် ဆေးရုံမှာ ကုသမှု ခံယူနေရပြီး ဆေးလက်မှတ်တွေနဲ့ ရုံးကင်းလွတ်ခွင့် ရပြီးဖြစ်ပေမယ့် အာမခံပေးဖို့ ရွှေ့ဆိုင်းခံရတာ ဖြစ်တယ်လို့ အမှုမှာ ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဘီဘီစီကို ပြောပါတယ်။

ဝန်ကြီးချုပ်တစ်ဦးဟာ မြို့သစ်စီမံကိန်းတင်ဒါ ရထားတဲ့ လုပ်ငန်းရှင်သူဌေးကြီးပေးတဲ့ ဒေါ်လာတစ်သိန်းခန့်တန်တဲ့ လက်ပတ်နာရီ ဝတ်ဆင်ထားတယ်ဆိုတာကို အလဲဗင်းသတင်းစာ ဆောင်းပါးမှာ ထည့်သွင်းဖော်ပြပြီး ဒီကိစ္စကို ဖေ့စ်ဘွတ်စာမျက်နှာပေါ် တင်ခဲ့တဲ့အတွက် ဆက်သွယ်ရေး ပုဒ်မ (၆၆)ဃ နဲ့ ရန်ကုန်တိုင်းအစိုးရက ဒေါက်တာ သန်းထွဋ်အောင် နဲ့ ကိုဝေဖြိုးတို့ကို နိုဝင်ဘာလ ၈ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုအတွက် (၂)ဦးလုံးကို အာမခံမပေးပဲ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခဲ့ထားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအစိုးရက တရားလိုလုပ်ပြီး ဖွင့်ဆိုထားတဲ့အမှုအတွက် အလဲဗင်းဘက်ကတော့ ကျင့်ဝတ်နဲ့အညီ ရေးသားခဲ့တာသာ ဖြစ်ပြီး လိုအပ်ရင် တောင်းပန်ဖို့ ဝန်မလေးပေမယ့် သတင်းမီဒီယာ အချက်အလက်တွေနဲ့ ပတ်သက်ပြီး တောင်းပန်ဖို့ အကြောင်းမရှိဘူး ပြောဆိုထားပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး မြန်မာစာနယ်ဇင်းကောင်စီက ကြားဝင်ဆောင်ရွက်ပေးဖို့ အလဲဗင်းဘက်က တောင်းဆိုတာ ရှိခဲ့ပေမယ့် ကောင်စီဘက်ကတော့ ဒါဟာ တရားစွဲဆိုထားတဲ့ အမှုဖြစ်တဲ့အတွက် ကြားဝင်ဆောင်ရွက်နိုင်ဖို့ဆိုရင် စွဲဆိုချက် ရုတ်သိမ်းပြီးမှ ဖြစ်နိုင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ အလဲဗင်းအမှုကို စာနယ်ဇင်းကောင်စီ တာဝန်ရှိသူတွေက ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးနေပြီး ဘယ်လို ကြားဝင်နေတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မပြောနိုင်သေးဘူးလို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ