ရန်ကုန်တိုင်း လွှတ်တော်အနီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွား

  • 25 နိုဝင်ဘာ 2016
Image caption M 150 အချိုရည် ပုလင်း တွေ နဲ့ ပြုလုပ်ထားတဲ့ လက်လုပ်ဗုံး နှစ်လုံး

ရန်ကုန်မြို့တိုင်း၊ ဒဂုံမြို့နယ်မှာ ရှိတဲ့ ရန်ကုန်တိုင်း အစိုးရ နဲ့ လွှတ်တော် အဆောက်အဦတွေ အနီးမှာ နိုဝင်ဘာလ ၂၅ ရက်နေ့ သောကြာ နေ့ ညနေ ၆ နာရီကျော်က ဗုံးကွဲမှု ဖြစ်ခဲ့ပါတယ်။

အမှိုက်ပုံးထဲမှာ M 150 အချိုရည် ပုလင်း တွေ နဲ့ ပြုလုပ်ထားတဲ့ လက်လုပ်ဗုံး နှစ်လုံး ထည့်ခဲ့တာ ဖြစ်ပြီး၊ အဲဒီထဲက တစ်လုံး ပေါက်ကွဲ ခဲ့တာ ဖြစ်တယ်လို့ အခင်းဖြစ်ရာ နယ်မြေ ဒဂုံမြို့နယ်က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အမတ် ဦးကျော်ဇေယျ က ဘီဘီစီကို ပြောပါတယ်။

ဗုံးကွဲချိန် အနီးမှာ လူသူ မရှိတဲ့ အတွက် ထိခိုက် ဒဏ်ရာ ရသူ မရှိပေမယ့်၊ ဒါဟာ လုံခြုံရေး အတွင်းစည်းထိ ကျိုးပေါက် ရတာ ဖြစ်လို့ အင်မတန် စိုးရိမ်ဖွယ် ဖြစ်တယ်လို့လည်း ဦးကျော်ဇေယျ က ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဒဂုံမြို့သစ် တောင်ပိုင်းမှာလည်း လက်လုပ်ဗုံး အသေးစားတွေ ပေါက်ကွဲမှု လေးကြိမ် ဖြစ်ပေါ်ခဲ့ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့၊ ရခိုင် ပြည်နယ် တွေမှာ မတည်ငြိမ်မှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေချိန်မှာ ရန်ကုန် မြို့ပေါ်မှာ ပေါက်ကွဲမှု တွေ ဖြစ်လာပြီး၊ အစိုးရနဲ့ လွှတ်တော် ပရိဝုဏ် အနီးမှာပါ အခု နောက်ဆုံး ဖြစ်လာ ခဲ့တာပါ။

ဗုံးထောင်သူတွေ ဘယ်သူ ဘယ်ဝါ ဖြစ်တယ်၊ ဘယ် အဖွဲ့အစည်းက ဖြစ်တယ် ဆိုတာကိုတော့ လောလောဆယ်မှာ မသိရှိရသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ