ကြားဖြတ် ရွေးကောက်ပွဲ အတွက် အမတ်စာရင်း NLD ထုတ်ပြန်

  • 27 နိုဝင်ဘာ 2016
Image caption တိုင်း ဒေသကြီးနဲ့ ပြည်နယ် လွှတ်တော် အသီးသီး မှာ လွှတ်တော် ကိုယ်စားလှယ် လစ်လပ် နေတဲ့ နေရာ ၁၉ နေရာ ရှိ

၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက် မှာ ကျင်းပဖို့ ရှိနေတဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ရောက် အရွေး ခံမယ့် လွှတ်တော် ကိုယ်စားလှယ် လောင်း အမည် စာရင်း ကို လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ထုတ်ပြန် လာပါတယ်။

အဓိက အတိုက်အခံ ပါတီ ဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ ဘကကလည်း သူတို့ရဲ့ ကိုယ်စားလှယ်လောင်းတွေ စာရင်း မကြာခင် ထုတ်ပြန်လာဖို့ မျှော်လင့်ရပါတယ်။

မြန်မာနိုင်ငံ ရဲ့ ပြည်ထောင်စု အဆင့် အပါအဝင်၊ သက်ဆိုင်ရာ တိုင်း ဒေသကြီးနဲ့ ပြည်နယ် လွှတ်တော် အသီးသီး မှာ လွှတ်တော် ကိုယ်စားလှယ် လစ်လပ် နေတဲ့ နေရာ ၁၉ နေရာ ရှိနေပါတယ်။

အစိုးရ အဖွဲ့ထဲ နိုင်ငံခြားရေး ဝန်ကြီး နေရာကို ရယူ ပြီး လွှတ်တော် အမတ် နေရာကို စွန့်လွှတ် ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကော့မှုး မြို့နယ် ပြည်သူ့ လွှတ်တော် နေရာ အပါအဝင်၊ ၂၀၁၅ ရွေးကောက်ပွဲ တုန်းက နယ်မြေလုံခြုံရေး စိုးရိမ်မှုတွေ ရှိနေလို့ ရွေးကောက်ပွဲ မကျင်းပခဲ့တဲ့ နယ်မြေ တွေမှာ ကိုယ်စားလှယ် နေရာတွေ လစ်လပ် နေကြ တာပါ။

အဲဒီလို အကြောင်း အမျိုးမျိုး နဲ့ လစ်လပ် နေကြတဲ့ ပြည်သူ့ လွှတ်တော် ၉ နေရာ၊ အမျိုးသား လွှတ်တော် ၃ နေရာနဲ့၊ ဒေသန္တရ လွှတ်တော် တွေမှာ ၇ နေရာ စတဲ့ နေရာ အားလုံး အတွက် ဝင်ရောက် ယှဉ်ပြိုင်မယ် လို့ လက်ရှိ အစိုးရကို ဦးဆောင် ဖွဲ့ထားပြီး လွှတ်တော် မှာလည်း လွှမ်းမိုး ထားတဲ့ ဖြစ်တဲ့ NLD ပါတီ ကရော၊ အဓိက အတိုက်အခံ လို့ ဆိုနိုင်တဲ့ ကြံ့ခိုင်ရေး ပါတီ ကပါ ပြောထား ပါတယ်။

အခု တော့ NLD ပါတီ ဘက်က လူ စာရင်း အတိတကျ ကြေညာ လာပြီ ဖြစ်ပါတယ်။

လက်တလော မှာပဲ NLD ပါတီ ဝင် လွှတ်တော် အမတ် တချို့ကို ပါတီ တွင်း စည်းကမ်း ဖောက်ဖျက်လို့ ဆိုပြီး ပါတီ တာဝန် တွေ ကနေ ရပ်စဲ တာမျိုး အရေးယူ တာတွေ ပြုလုပ် လာပါတယ်။

ဒါ့ကြောင့် အခုလို ကြားဖြတ် ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ် လောင်း တွေကို ရွေးတဲ့ အခါမှာရော စိစစ် မှု တွေ ပြုလုပ်ခဲ့တယ်လို့ NLD ဗဟို အလုပ် အမှုဆောင် တစ်ယောက် ဖြစ်တဲ့ ဦးဝင်းထိန်က ဆိုပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲ တုန်းက အမတ်လောင်း တွေကို၊ အမျိုးသမီး၊ လူငယ် ၊ တိုင်းရင်းသား ဆိုပြီး ဦးစားပေး ရွေးခဲ့ ပေမယ့် အခု တစ်ကြိမ်မှာတော့ နိုင်ငံရေး ဖြတ်သန်းမှု နဲ့ အတွေ့အကြုံ ရှိသူ တွေကို ဦးစား ပေး ရွေးခဲ့လို့ ကိုယ်စားလှယ်လောင်း စာရင်းထဲ အမျိုးသမီးတစ်ဦးပဲ ပါဝင်နေတာ ဖြစ်တယ်လို့လည်း လို့လည်း ဦးဝင်းထိန်က ဆိုပါတယ်။

အတိုက်အခံ ကြံ့ခိုင်ရေး ပါတီ USDP ကို ကြည့်ရင်တော့၊ ကိုယ်စားလှယ် လောင်း စာရင်း အတိအကျ ထွက် မလာ သေးပေမယ့်လည်း ပါတီတွင်း စိစစ် ရွေးချယ် နေတာတွေ စတင် နေပြီ ဖြစ်ပြီး၊ မကြာခင် ထုတ်ပြန် ပေးမယ်လို့ ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် တစ်ယောက် ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း မြင့်စိုးက ပြောပါတယ်။

USDP အနေနဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ် တွေက ပြည်သူတွေ လိုလားကြသူတွေကို ကိုယ်စားလှယ်လောင်း အဖြစ် ဦးစားပေး ရွေးချယ် တယ်လို့ ဆိုပါတယ်။

ကြံ့ခိုင်ရေး ပါတီ အနေနဲ့ပြည်သူ့ ပါတီ ဆိုတဲ့ လမ်းကြောင်း ပေါ် ရောက်အောင် ပါတီတွင်း ပြုပြင် ပြောင်းလဲမှု တွေ လုပ်နေတာ မှာ တပ်မတော် ထိပ်တန်း အရာရှိကြီး တွေ ပါတီ ခေါင်းဆောင် ပိုင်း နေရာကို အုပ်စီး ရယူ ခဲ့တဲ့ ပုံစံ ကို ကြိုးစား ပြောင်းလဲ နေသလို၊ အခု ကြားဖြတ် ရွေးကောက်ပွဲ ဝင်မယ့် ကြံ့ခိုင်ရေး အမတ်လောင်း တွေ ထဲမှာလည်း တပ်မတော်သား ဟောင်းတွေ ပါဝင်မှာ မဟုတ်ဘူးလို့ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း မြင့်စိုးက ပြောပါတယ်။

၂ဝ၁၇ ကြားဖြတ် ရွေးကောက်ပွဲဟာ နေရာ ၁၉ နေရာ အတွက်သာ ပြိုင်ကြရတာ ဖြစ်ပေမယ့်၊ အစိုးရသစ် ပေါ်ပေါက်ပြီး နှစ်ပတ်လည် ကာလ ဝန်းကျင် မှာ ကျင်းပ မှာ ဖြစ်တာကြောင့်၊ ထွက်ပေါ် လာမယ့် ရလာဒ် တွေ ကနေ တဆင့် လက်ရှိ နိုင်ငံရေး အခြေအနေ အပေါ် လူထုရဲ့ အမြင် သဘောထား ဘယ်လို ရှိ နေသလဲ ဆိုတာကို တစိတ်တဒေသ ထင်ဟပ် နိုင်လိမ့်မယ် လို့ မြန်မာ့ နိုင်ငံရေး စောင့်ကြည့် နေသူတွေက မျှော်လင့် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ