ရွှေတူးဖော်ရေး ကုမ္ပဏီ ရဲ့ စွန့်ပစ်ရေဆိုး ကြောင့် ဒေသခံ တွေ ထိခိုက်နေရ

  • 27 နိုဝင်ဘာ 2016
Image caption ဆိုက်ရာနိုက် ဆေးရည် ကို တိုက်ရိုက် စွန့်ပစ်လို့ ပတ်ဝန်းကျင် ထိခိုက်

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ကံတောင်ရွာနားမှာ ရွှေတူးဖေါ်ထုတ်လုပ်တဲ့ ပုဂ္ဂလိက ကုမ္ပဏီတခုရဲ့ စွန့်ပစ် ရေဆိုးတွေက လူတိရိစ္ဆာန် နဲ့ ပတ်ဝန်းကျင် ထိခိုက်တယ် ဆိုတဲ့ တိုင်တန်းချက် တွေ ရှိခဲ့ပါတယ်။

အဆိုပါ တိုင်တန်းချက် နဲ့ ပတ်သက်ပြီး စစ်ဆေးရေး အဖွဲ့ ဖွဲ့ပြီး စစ်ဆေးခဲ့ရာမှာတော့ တိုင်တန်းချက် အတိုင်း စစ်ဆေး တွေ့ ရှိရတယ်လို့ တာဝန်ရှိသူ တစ်ဦး က ပြေါတပ်ယ။

စဉ့်ကူးမြို့နယ် ရှောက်ပင်ရိုးအုပ်စု ကျည်တောက်ပေါက်ကျေးရွာနဲ့ကံတောင်ရွာ ကြားမှာ ရှိတဲ့ ထက်ရည်လင်းကုမ္ပဏီရဲ့ ရွှေချက်စက်ရုံဟာ ဆိုက်ရာနိုက် ဆေးရည် ကို တိုက်ရိုက် စွန့်ပစ်လို့ ပတ်ဝန်းကျင် ထိခိုက်တယ် ဆိုပြီး ဒေသခံတွေက တိုင်ကြား အပြီး တပတ်အကြာမှာ သက်ဆိုင်ရာက ဝင်ရောက် စစ်ဆေး ခဲ့ တာပါ။

အမျိုးသား လွှတ်တော် သယံဇာတနဲ့ သဘာ၀ ပတ် ဝန်းကျင် ထိမ်းသိမ်း ရေး ကော်မတီ က စစ်ဆေးတာမှာ ဒေသခံတွေ တိုင်ကြား ခဲ့သလို ထက်ရည်လင်း ကုမ္ပဏီ ရဲ့ ရေဆိုးစွန့်ပစ် ကန် က လူတွေ အပေါ်မှာ ထိခိုက်မှုတွေ ရှိနေတာကို တွေ့ရှိ ရတယ် လို့ ကော်မတီဝင် တစ်ဦး ဖြစ်တဲ့ ဦးထွန်းထွန်းဦး က ပြောပါတယ်။

စက်ရုံက စွန့်ထုတ်လိုက်တဲ့ ဆိုက်ရာနိုက် ဆေးရည်ကြောင့် ရေကို အသုံးပြု နေကြ ရတဲ့ ဒေသခံတွေမှာ အချိန်ကြာလာတာနဲ့ အမျှ ထိခိုက်မှု တွေ ရှိနေကြောင်း ကံတောင် ဒေသခံ ကိုအေးမင်းစိုးက ပြောပြပါတယ်။

ထက်ရည်လင်း ကုမ္ပဏီ ကတော့ သူတို့ စွန့်ပစ် လိုက်တဲ့ ဆိုင်ရာနိုက် ဆေးရည် လက်ကျန်ဟာ နိုင်ငံတကာ စံချိန်စံညွန်းနဲ့အညီ စွန့်ထုတ်တာမို့ ပတ်ဝန်းကျင် ထိခိုက် တာ သူတို့ကြောင့်မဟုတ်ဘူးလို့ စက်ရုံမှူး ဦးတင်ကို က ပြောပါတယ်။

သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ကော်မတီဝင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဦး ကတော့ တွေ့ရှိချက်တွေကို လွှတ်တော်ကို တင်ပြမှာ ဖြစ်ပြီး အရေးယူမှု တွေကို ကိုတော့ ကော်မတီ က ဆုံးဖြတ်ချ ချမှတ်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ