ကိုဖီအာနန်ရဲ့ မြန်မာ ပြည် ဒုတိယအကြိမ် ခရီးစဉ် ဒီကနေ့ စမယ်

  • 29 နိုဝင်ဘာ 2016
Image caption မောင်တော ဒေသ အထိ သွားရောက် နိုင်မလား ဆိုတာတော့ မသေချာ

ရခိုင်ပြည်နယ် အရေး ကိုင်တွယ် ဖြေရှင်း ရာမှာ အစိုးရကို အကြံပေးဖို့ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့ပေး ခဲ့တဲ့ ကော်မရှင် ရဲ့ ဥက္ကဌ ကုလသမဂ္ဂ အတွင်းရေးမှုး ချုပ်ဟောင်း ကိုဖီအာနန် နိုဝင်ဘာ ၂၉ ရက် ဒီကနေ့ မှာ မြန်မာ နိုင်ငံကို ဒုတိယ အကြိမ် လာရောက်ဖို့ ရှိနေပါတယ်။

ရခိုင် ပြည်နယ် မြောက်ပိုင်းမှာအစိုးရက စစ်ရေး အရ ကိုင်တွယ် ရတဲ့ အထိ အုံကြွမှု တွေ ဖြစ်လာ ခဲ့ပြီး၊ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ပြုမူပုံတွေ အပေါ် နိုင်ငံတကာရဲ့ ဝေဖန်သံတွေ ထွက်လာ ချိန်မှာပဲ ကိုဖီအာနန် ရဲ့ ခရီးစဉ် ရှိလာတာပါ။

ရခိုင်ပြည်နယ်ကို ဒီဇင်ဘာ လဆန်းပိုင်းမှာ သွားရောက်ဖို့ စီစဉ် ထားပေမယ့် မောင်တော ဒေသ အထိ သွားရောက် နိုင်မလား ဆိုတာတော့ မသေချာ ပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ် တချို့က ရခိုင် ပြည်နယ်ကို သွားရောက် ခဲ့တဲ့ ကော်မရှင် အဖွဲ့ဝင် တွေက တော့ လုံခြုံရေး အခြေအနေ အရ မောင်တော အထိ မသွား နိုင်ပဲ၊ စစ်တွေနဲ့ အနီးတဝိုက်မှာပဲ လေ့လာမှုတွေ လုပ်ခဲ့ပြီး လှည့်ပြန် ခဲ့ရပါတယ်။

ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင် ရဲ့ တာဝန်ဟာ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ပြီး လူ့ အခွင့်အရေး အစီရင်ခံစာ တင်မယ့် အဖွဲ့မျိုး မဟုတ်ပဲ ၊ နှစ်ဘက် အသိုင်းအဝိုင်း ရဲ့ အသံတွေ နားထောင်ဖို့ အဓိက ဖြစ်တယ် လို့ ကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်က ဘီဘီစီကို ပြောပါတယ်။

အစိုးရ စစ်တပ်က ရိုဟင်ဂျာ အရပ်သားတွေ အပေါ် ပစ်မှတ်ထား တိုက်ခိုက် နေတယ် ဆိုတဲ့ စွဲချက် တွေ ကို ဒေသတွင်း မွတ်ဆလင်မ် နိုင်ငံတွေ ကပါ ပြုလုပ် လာနေသလို၊ တစ်ဘက်မှာလည်း မြန်မာ အစိုးရက ထွက်ပေါ် နေတဲ့ စွပ်စွဲ ပြောဆိုမှုတွေ ကို ငြင်းပယ် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ