အစ္စလာမ်တပ်မတော်ထောင်ဖို့ စွပ်စွဲခံရသူတွေ ရုပ်သိမ်း ဥပဒေနဲ့ အပြစ်ကျ

  • 29 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ထောင်ဒဏ် ချမှတ်ခံရသူတွေကို ရုံးထုတ်ဖို့ ခေါ်လာစဉ်

ကချင် လွတ်လပ်ရေး တပ်မတော် KIA နဲ့နဲ့ ဆက်သွယ်ပြီး အစ္စလာမ် တပ်မတော် ထူတောင်ဖို့ ကြိုးစားတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံ ထားရတဲ့ မန္တလေးက အစ္စလာမ် ဘာသာဝင် ၆ယောက်ကို အမရပူရ မြို့နယ် တရားရုံးက ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက် ပါတယ်။

မန္တလေးမြို့က ပန်းချီဆရာ ဦးဇော်မင်းထွေး၊ ဗန်းမော်မြို့က ဦးမြင့်သိန်းနဲ့ ဦးဧရာမန်း အပါအဝင် အစ္စလာမ် ဘာသာဝင် ၆ယောက်ကို စွဲချက်နဲ့ စစ်ဖက် ဆိုင်ရာ လုံခြုံရေး အဖွဲ့က ပုဒ်မ ၅ ခုနဲ့ တရား စွဲတင်ထားတာ ဖြစ်ပါတယ်။

အဲဒီထဲက ရာဇဝတ် ဥပဒေ ပုဒ်မ တွေဖြစ်တဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ခ နဲ့ ၅၀ ဌ တို့ အရ နိုဝင်ဘာ ၂၉ ရက်နေ့က အမရပူရ မြို့နယ် တရားရုံးက ထောင်ဒဏ် ၅ နှစ် ချမှတ် ခဲ့တာပါ။

သူတို့ရဲ့ ဥပဒေ အကျိုးဆောင် တရားလွှတ်တော် ရှေ့နေ ဦးဇော်ဝင်း ကတော့ လွှတ်တော်က ပယ်ဖျက်ပြီး ဖြစ်တဲ့ ၅၀၅ (ခ) ပုဒ်မနဲ့ စီရင်ချက် ချလိုက် တာဟာ တရား မျှတမှု မရှိဘူးလို့ ပြောပါတယ်။

KIA နဲ့ ဆက်သွယ်ပြီး အစ္စလာမ် တပ်မတော် ထူထောင်ဖို့ ဆိုတဲ့ အကြောင်းအရာ တစ်ခုနဲ့ စွပ်စွဲပြီး ပုဒ်မကျတော့ ၅ ခုခွဲ သွားတယ်လို့ ရှေ့နေ ဦးဇော်ဝင်းက ပြောပါတယ်။

ဦးဇော်မင်းထွေးနဲ့ ဦးမြင့်သိန်းတို့ ကလည်း သူတို့ဟာ အပြစ် မရှိဘဲ အပြစ်ပေးခံရတာဖြစ်တယ်၊ ပယ်ဖျက်ပြီး ပုဒ်မနဲ့ ပြစ်ဒဏ်ချမှတ်တာ တရား မမျှတဘူးလို့ ပြောပါတယ်။

မန္တလေး ခရိုင် တရားရုံးမှာ လည်း နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ နဲ့လည်း စွဲတင် ထားတာ ရှိသေးလို့ မကြာခင် စီရင်ချက် ချမှတ်ဖွယ် ရှိပါတယ်။

နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ အရ သေဒဏ် အထိ အပြစ်ပေးနိုင်ပါတယ်။