အစိုးရ အဖွဲ့ဝင် နဲ့ လွှတ်တော် ကိုယ်စားလှယ် တွေကို သုံးသပ်ရေး ကော်မတီ NLD ဖွဲ့စည်း

  • 29 နိုဝင်ဘာ 2016
Image caption စုံစမ်းမှု သက်သက်ကိုသာ ပြုလုပ်သွားမှာ ဖြစ်

အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ ဆုံးဖြတ်ချက်အရ မွန်ပြည်နယ် နဲ့ တနင်္သာရီတိုင်း အစိုးရ အဖွဲ့တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပတ်သက်တဲ့ တိုင်တန်းမှုတွေကို စစ်ဆေး တင်ပြဖို့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဉီးဉာဏ်ဝင်း ခေါင်းဆောင် ပြီး လေ့လာသုံးသပ်ရေး အဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ လက်ထက်မှာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့ တိုင်ကြားစာပေါင်း ရာနဲ့ချီ ရရှိနေရာမှာ အခုတော့ မွန်ပြည်နယ် နဲ့ တနင်္သာရီ တိုင်း အတွင်းက ကိစ္စရပ်တွေကို စပြီး စစ်ဆေးဖို့ လုပ်နေပါပြီ။

အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေ နဲ့ ပတ်သက်လို့ တိုင်ကြား ခံထားရတာ ဖြစ်ပြီး သူတို့ ရဲ့ လုပ်ငန်း တာဝန်တွေ ထိခိုက်မှု မရှိအောင် အရေးယူမှု မလုပ်ခင်မှာ ကြိုတင် အဖွဲ့ဖွဲ့ပြီး စစ်ဆေးရတာ ဖြစ်တယ်လို့ လေ့လာသုံးသပ်ရေး အဖွဲ့ဝင် ဒေါက်တာမျိုးညွန့် က ပြော ပါတယ်။

မွန်ပြည်နယ် ဝန်ကြီးချုပ် နဲ့ တနင်္သာရီ တိုင်းက လွှတ်တော် ကိုယ်စားလှယ် တစ်ဦး တို့ တိုင်ကြား ခံထား ရတဲ့ လေ့လာ သုံးသပ်ပြီး ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့အစည်း ဆီကို တင်ပြ သွားမယ်လို့ အဖွဲ့ဝင်တယောက်ဖြစ်တဲ့ ဉီးကျော်ဟိုးက ပြော ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အန်အယ်ဒီ အစိုးရ လက်ထက် ပထမဆုံး အဆင့်မြင့်ရာထူးတခု ဖယ်ရှားမှု ဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဒုဝန်ကြီး ကို ထုတ်ပယ်တုန်းက အခုလို စစ်ဆေး လေ့လာ သုံးသပ်မှု မရှိခဲ့ပါဘူး။

လယ်ဆည် ဒုဝန်ကြီး ဒေါက်တာ ထွန်းဝင်း ကိစ္စတုန်း က တိုင်ကြားခံရခြင်း မရှိပေမယ့် အထက် အရာရှိ နဲ့ လုပ်ငန်း ဆောင်ရွက် ရတာ အဆင်မပြေ ညှိနှိုင်း ဆောင်ရွက် ခြင်း မရှိတဲ့ အတွက် တာဝန်ရှိသူ တွေက ထုတ်ပယ် ခဲ့တာ ဖြစ်ကြောင်း အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ ဒေါက်တာ မျိုးညွှန့် က ပြောပြပါတယ်။

အခု ဖွဲ့စည်းလိုက်တဲ့ လေ့လာ သုံးသပ်ရေး အဖွဲ့အနေနဲ့ စုံစမ်းမှု သက်သက်သာ ပြုလုပ်သွားမှာ ဖြစ်ပြီး သူတို့ရဲ့ တွေ့ရှိချက်တွေကို ဗဟို အလုပ်အမှုဆောင် ကော်မတီကို တင်ပြသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အပြစ်ပေး အရေးယူမှုတွေနဲ့ ပတ်သက်လို့ အန်အယ်ဒီ စီအီးစီ အဖွဲ့ကဘဲ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ