News Watch ဂျာနယ်သတင်းထောက် အဖမ်းခံရ

  • 30 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption အမှုတည်ဆောက်တာ ကြာမြင့်မှုနဲ့ အမှုမှာ ပါဝင်သူတွေ မအားလပ်တဲ့အတွက် ဖမ်းဖို့ ကြန့်ကြာနေရတာ ဖြစ်တယ်လို့ ပျဉ်းမနားမြို့ ရဲတပ်ဖွဲ့ ရဲမှူး ဦးတင်မိုးဦးက ပြော

နေပြည်တော်အခြေစိုက် News Watch ဂျာနယ်သတင်းထောက် ဦးမောင်မောင်ထွန်းကို ရဲတပ်ဖွဲ့ က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ နိုဝင်ဘာလ ၂၉ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

သတင်းထောက် ဦးမောင်မောင်ထွန်းကို တိုင်ကြားခဲ့တဲ့သူကတော့ အစိုးရပိုင် ကြေးမုံ သတင်းစာရဲ့ အလွတ်တန်းသတင်းထောက် ဦးဇော်မင်းအောင် ဖြစ်ပါတယ်။

ကြေးမုံသတင်းစာမှာ နေပြည်တော်မြို ့မဈေးကြီး ရက် ၁၀ဝ စီမံချက်အတွင်း စည်းကမ်းတကျ ဆောင်ရွက်ထားမှုအား တစေ့တစောင်း လေ့လာခြင်း ခေါင်းစဉ်နဲ့ ဖော်ပြခဲ့တဲ့ ဦးဇော်မင်းအောင်ရဲ့သတင်းဆောင်းပါးမှာပါတဲ့ အချက်တွေရဲ့ ချွတ်ချော်အားနည်းမှုတွေကို ဦးမောင်မောင်ထွန်းက Tomorrow ဂျာနယ်မှာ မြို ့မထွန်းနာမည်နဲ့ ဆောင်းပါး ရေးသားခဲ့ပြီး သခင်ညိုမှိုင်းနာမည်နဲ့ သူရဲ့ဖေစ်ဘွတ်စာမျက်နှာမှာလည်း ဒါကို ဖော်ပြခဲ့တဲ့အတွက် ဦးဇော်မင်းအောင်က ပျဉ်းမနားရဲစခန်းကို ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ)နဲ့ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ဦးဇော်မင်းအောင်ဟာ ဂုဏ်သိက္ခာထိပါးခံရတဲ့အတွက် လွန်ခဲ့တဲ့ လေးလကတည်းက တိုင်ကြားခဲ့တာ ဖြစ်ပေမယ့် အခုမှ ဖမ်းဆီးရတာဟာ အမှုတည်ဆောက်တဲ့ ကာလကြာမြင့်မှုနဲ့ အမှုမှာ ပါဝင်သူတွေ မအားလပ်တဲ့အတွက် ကြန့်ကြာနေရတာ ဖြစ်တယ်လို့ ပျဉ်းမနားမြို့ ရဲတပ်ဖွဲ့ ရဲမှူး ဦးတင်မိုးဦးက ဘီဘီစီကို ပြောပါတယ်။

အခုလို ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး အမှုလက်ခံသူတွေ ဘက်က စီစစ်ပြီးမှ လက်ခံသင့်ကြောင်းနဲ့ မှန်တဲ့အချက်အလက်တွေနဲ့ သူ့ဆောင်းပါးမှာ ထောက်ပြခဲ့တာသာ ဖြစ်ကြောင်း ဦးမောင်မောင်ထွန်းက ပြောပါတယ်။

ဖေစ်ဘွတ်ပေါ်မှာ ရေးသားတာတွေနဲ့ ပတ်သက်လို့ Eleven Media အမှုဆောင်အရာရှိချုပ်နဲ့ အယ်ဒီတာချုပ်တို့ကိုလဲ မကြာသေးခင်က ရန်ကုန်တိုင်းအစိုးရက အမှုဖွင့် တိုင်ကြားမှု ရှိခဲ့ပါတယ်။

NLD ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ၆၆ (ဃ)နဲ့ အမှုဖွင့်တိုင်ကြားမှု ၂၀ လောက်အထိ ရှိလာပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ