ဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စင်္ကာပူရောက် မြန်မာတွေ ဆုံမယ်

  • 30 နိုဝင်ဘာ 2016
Image caption မြန်မာနိုင်ငံသားတွေ ဗီဇာကင်းလွတ်ခွင့် လည်း ဒီဇင်ဘာ ၁ ၇က်နေ့မှာ စတင် သက်ဝင်

စင်္ကာပူ နိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် အဖြစ်ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီဇင်ဘာလ ၁ ရက်နေ့မှာ စင်္ကာပူက မြန်မာ အသိုင်းအဝိုင်း နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဂျူယောင်း အရပ်က Big Box ကုန်တိုက် အဆောက်အဦး သုံးထပ်က လူခြောက်ထောင် ကျော်ဆန့်တဲ့ Megabox Convention Centre မှာ ည ၈ နာရီ ကနေ ၉ နာရီ အထိ တွေ့ဖို့ စီစဉ် ထားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ ပွဲအတွက် လက်မှတ်တွေကို အင်တာနက် က တဆင့် ရောင်းချခဲ့ပြီး အခုချိန်မှာ လက်မှတ်တွေ ဝယ်လို့ မရတော့ဘူးလို့ သိရပါတယ်။

ပွဲကို တက်ရောက် လာသူတွေ အနေနဲ့ အင်တာနက် ကတဆင့် ကြိုတင် မေးမြန်း ထားကြတဲ့ မေးခွန်း တွေ နဲ့ ပွဲအတွင်းမှာ စာရေး မေးမြန်းခွင့် တွေကိုလည်း ရရှိမှာ ဖြစ်ပါတယ်။

မြန်မာ အလုပ်သမားတွေ ရဲ့ ပတ်စ်ပို့ ပြောင်းလဲ မယ့် ကိစ္စတွေကို အဓိက ထား မေးမြန်း ထားကြတယ်လို့လည်း သိရပါတယ်။

မြန်မာပြည် မြောက်ပိုင်း မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ၂၁ ရာစု ပင်လုံ ညီလာခံ ကို ထိခိုက်မှု ရှိနိုင်သလား ဆိုတဲ့ မေးခွန်း မျိုးတွေလည်း လူတွေက မေးမြန်း ဖို့ ပြင်ဆင် နေကြပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ က နိုင်ငံရပ်ခြား မှာ ရှိနေတဲ့ မြန်မာတွေကို ပြန်လာဖို့ ဖိတ်ခေါ် တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီးတော့ လည်း စင်္ကာပူက မြန်မာ တွေနဲ့ ဆွေးနွေး ကြဖို့ ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ စင်္ကာပူ နိုင်ငံရောက် တိုင်းရင်းသား အဖွဲ့တွေနဲ့ တွေ့ဆုံ ဖို့ အတွက် တိုင်းရင်းသား အဖွဲ့က ကိုယ်စားလှယ် တွေကိုလည်း ဖိတ်ထားတယ်လို့ စီစဉ်သူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တော အရေး နဲ့ ပတ်သက်ပြီး စင်္ကာပူ နဲ့ အိမ်နီးချင်း နိုင်ငံတွေ ဖြစ်တဲ့ မလေးရှား နဲ့ အင်ဒိုနီးရှားမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ် နေပေမယ့် စင်္ကာပူ ခရီးစဉ်မှာတော့ ဆန္ဒပြမှုတွေ မရှိပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ