ရခိုင် အရေး အစိုးရ က အရေးယူ ပေးဖို့ ORCHR တောင်းဆို

  • 2 ဒီဇင်ဘာ 2016
Image caption အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက တုံ့ပြန် ကိုင်တွယ် လာခဲ့တာမှာ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ အပြင်းအထန် ရှိ နေ

မြန်မာ နိုင်ငံမှာ တွေ့ကြုံ နေရတဲ့ ရခိုင် ပြည်နယ် အကြပ်အတည်းဟာ အစိုးရ ဘက်က ရဲရဲဝံ့ဝံ့ နဲ့ ထင်သာမြင်သာ ရှိတဲ့ အရေးယူ ဆောင်ရွက် တာမျိုး တွေ ချက်ခြင်း လုပ်ဆောင်ဖို့ ပျက်ကွက်မယ် ဆိုရင် ၊ သွေးထွက် သံယို ဖြစ်ရပ် တွေ ပို ဖြစ်ပေါ် လာနိုင်ပြီး အခြေအနေ တွေဟာ ပို ဆိုးရွား သွားလိမ့်မယ် လို့ ကုလသမဂ္ဂရဲ့ လူ့ အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးက သတိပေး ပြောကြား လိုက်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက မြန်မာ အစိုးရရဲ့ နယ်ခြားစောင့် စခန်းတွေ ကို လက်နက်ကိုင် တွေ ၊ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက် နေ့က ဝင်ရောက် စီးနင်း ခဲ့ကြပြီး တဲ့နောက်၊ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက တုံ့ပြန် ကိုင်တွယ် လာခဲ့တာမှာ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ အပြင်းအထန် ရှိ နေတယ် ဆိုတဲ့ သတင်းတွေ ရရှိ ထားတယ် ဆိုပြီး ကုလသမဂ္ဂရဲ့ လူ့ အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး က ထုတ်ပြန် ပါတယ်။

အရပ်သားတွေ အပေါ် တရားမျက်ကွယ် သတ်ဖြတ်တာတွေ၊ အိုးအိမ် စည်းစိမ်တွေကို ဖျက်စီး တာတွေ ၊ ဥပဒေနဲ့ မလျော်မညီ ဖမ်းဆီး နေတာတွေနဲ့ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက် ကျူးလွန် တာတွေကို အစိုးရ လက်နက်ကိုင် အဖွဲ့တွေက ပြုမူ နေတယ် ဆိုတဲ့ သတင်းတွေ အပေါ် ကုလသမဂ္ဂ ရဲ့ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးဇိတ် ဘင် ရအာ့ဒ် အယ်လ် ဟူစိန် က သတိထား စောင့်ကြည့် နေတယ် လို့လည်း ဆိုပါတယ်။

ရခိုင် ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်ဆလင်မ် တွေ လူ့ အခွင့် အရေး ချိုးဖောက် ခံ နေရ တာတွေဟာ နှစ်ရှည် လများ ၊ အဆက်မပြတ် ခံစား နေကြရတဲ့ အကြောင်း သတင်း အချက် အလက်တွေ ရရှိ ထားတယ်လို့ ရဲ့ ပြောခွင့်ရ ရာဗီးနား ရှမ်ဒါဆာနီက ဘီဘီစီကို ပြောပါတယ်။

လူ့ အခွင့်အရေး ချိုးဖောက် တာတွေ အပြင်းအထန် ဖြစ်ပေါ် နေတယ် ဆိုတဲ့ သတင်း တွေကို မတူတဲ့ ရင်းမြစ် တွေ က နေ ရရှိ နေတာနဲ့ တပြိုင်တည်းမှာပဲ၊ တစ်ဘက်မှာလည်း မြန်မာ အစိုးရက၊ အဲဒီ သတင်းတွေနဲ့ လုံးဝ ဆန့်ကျင်ဘက်၊ လူ့ အခွင့်အရေး ချိုးဖောက် တာတွေ ဘာမှ မရှိ ဘူး ဆိုပြီး ငြင်းဆို နေပါတယ်၊ ဒီ အခြေအနေဟာ လက်သင့် ခံဖွယ်ရာ မရှိပါဘူး၊ ဘာတွေ တကယ် ဖြစ်ပျက် နေလည်း ဆိုတဲ့ အပေါ် ယုံကြည် စိတ် ချလောက်ဖွယ် စုံစမ်း မှုတွေ ကို အစိုးရ နဲ့ သက် ဆိုင်မှု မရှိ စေပဲ လွတ်လွတ်လပ်လပ် ပြုလုပ် နိုင်ဖို့ လိုအပ် တယ် ဆိုပြီး မစ္စ ရှမ်ဒါဆာနီက ပြောသွားတာပါ။

ရိုဟင်ဂျာ တွေ ကျူးလွန် ခံနေရတဲ့ အတိုင်းအတာ ပမာဏ နဲ့ ပတ်သက်ပြီး တော့လည်း မစ္စ ရှမ်ဒါဆာနီက ORCHR ဟာ၊ တရားစီရင်ရေး လုပ်ဆောင်တဲ့ အဖွဲ့အစည်း မဟုတ် တဲ့ အတွက်၊ ရိုဟင်ဂျာ တွေ အပေါ် ကျူးလွန် နေကြ တာတွေဟာ၊ လူသား မျိုးနွယ် အပေါ် ဆန့်ကျင်တဲ့ရာဇဝတ်မှု မျိုး မြောက်တယ် ဆိုပြီး သေချာပေါက် ပြောဆိုလို့ မရပါဘူး။ ဒါပေမယ့်လည်း သိထားရသမျှ သတင်းတွေ၊ ကျယ်ကျယ်ပြန့်ပြန့် နဲ့ စနစ်တကျကို ကျူးလွန် ခံနေရတဲ့ အခြေအနေတွေ အရ၊ ရိုဟင်ဂျာ တွေ အပေါ် ကျူးလွန် တဲ့ အတိုင်းအတာ ဟာ လူသား မျိုးနွယ် အပေါ် ဆန့်ကျင်တဲ့ရာဇဝတ်မှု မျိုး မြောက်လာမှာကို စိုးရိမ် ရတယ် ဆိုပြီး ORCHR က ပြောနေရတာ ဖြစ်တယ် လို့ ပြောသွားတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ အပါအဝင် အထိခိုက် လွယ်တဲ့ ဘယ်လို အုပ်စု တွေ အပေါ် မဆို ဆန့်ကျင် ပြောကြား နေတဲ့ အမုန်း စကားတွေကို မရပ် နိုင်ဘူး ဆိုရင် အခြေအနေကို ဘယ်လိုမှ ထိန်း နိုင်မှ မဟုတ်ဘူး လို့လည်း ORCHR က အလေး အနက် သတိ ပေး နေပါတယ်။

ဒါ့ကြောင့် အမုန်းစကား တွေ အပေါ် လုံးဝ သည်းခံမှာ မဟုတ် ပဲ အရေးယူမယ် ဆိုတာကို အစိုးရ ဘက်က ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောမှ ဖြစ်မယ် လို့လည်း ဆိုပြီး မစ္စ ရှမ်ဒါဆာနီက ဆိုပါတယ်။

ရခိုင်ပြည်နယ် ရေးရာ ကို ဖြေရှင်းရာမှာ မြန်မာ အစိုးရကို အကြံပေးနိုင်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဟောင်း ကိုဖီ အာနန် ဦးဆောင်ထားတဲ့ ကော်မရှင် ဖွဲ့စည်း ထားရှိ လာတဲ့ အချက် အပေါ်၊ ORCHR ဘက်က ကြိုဆို ပေမယ့်၊ ရိုဟင်ဂျာ တွေ နှစ်ရှည် လများ လူ့ အခွင့် အရေး ချိုးဖောက် ခံနေရ တာတွေ ကို အသေအချာ အသေးစိတ် ဖော်ပြ ထားတဲ့ အခုနှစ် ဂျွန်လကမှ ထုတ်ပြန်ထားတဲ့ ORCHR ရဲ့ အစီအရင် ခံစာ အပေါ် မြန်မာ အစိုးရက လိုက်နာ အကောင် အထည် ဖော်ဖို့ရာ ပျက်ကွက် ခဲ့တယ် ဆိုပြီး မစ္စ ရှမ်ဒါဆာနီက ဝေဖန် ပါတယ်။

လက်ရှိ မြန်မာ့ နိုင်ငံရေး အပြောင်း အလဲဟာ အင်မတန် သိမ်မွေ့တဲ့ အနေအထားမှာ ရှိနေပြီး၊ လက်ရှိ အစိုးရ အနေနဲ့ လည်း အရင် ခေတ်အဆက်ဆက် လူ့အခွင့်အရေး ပြဿနာတွေကို အမွေ ခံပြီး၊ ကိုင်တွယ် နေရလို့ အင်မတန် ခက်ခဲမယ်၊ သတိ ထားရမယ် ဆိုတာကို နားလည် ပေမယ့်၊ ရခိုင် မြောက်ပိုင်း အရေးမှာ အစိုးရ ဘက်က ရဲရဲဝံ့ဝံ့နဲ့ မကိုင်တွယ် ဘူး ဆိုရင် အခြေအနေ ဟာ ပိုပြီး ဆိုးရွားပြီ မလိုလားအပ်တဲ့ နောက်ဆက် တွဲ ဆိုးကျိုးတွေ ထွက် လာဦးမှာပဲ ဆိုပြီး ORCHR က သတိ ပေးနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ