မြောက်ပိုင်းမဟာမိတ်ကို အကြမ်းဖက် သတ်မှတ်ဖို့ တိုက်တွန်း

  • 2 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် STR
Image caption တဘက်နိုင်ငံမှာ ဒုက္ခသည် နှစ်သောင်းကျော် ရှိ

မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန် အပါအဝင် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသက မြို့ရွာ တွေကို တိုက်ခိုက်လာတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို အကြမ်းဖက်အဖွဲ့ အစည်းများ အဖြစ် သတ်မှတ် ပေးဖို့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်က ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ် ။

မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်း တင်သွင်းခဲ့တဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တရားဥပဒေစိုးမိုးမှု တည်ငြိမ်အေးချမ်းမှုနဲ့ ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်တို့ကို ထိခိုက်စေခြင်းတို့ကို လွှတ်တော်က စိုးရိမ်ကြောင်း အရေးကြီး အဆိုကို သောကြာနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။

ဒီအဆိုနဲ့ပတ်သက်ပြီး NLD ကိုယ်စားလှယ် တပ်မတော်သား ကိုယ်စားလှယ်နဲ့ တိုင်းရင်းသားကိုယ်စားလှယ် တွေ ဆွေးနွေး ခဲ့ကြပါတယ်။

အဆိုနဲ့ပတ်သက်လို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးသန်းအောင် ဆွေးနွေးတဲ့အခါ KIA ၊TNLA၊ MNDAA နဲ့ ရခိုင်တပ်မတော် AA တို့ဟာ အများပြည်သူ ဆက်သွယ်ရေး လမ်းကြောင်း တံတားတွေကို ဖြိုခွဲဖျက်ဆီးခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားများ၊ အခြေခံအဆောက်အဦများ ပစ်မှတ်ထားပြီး တိုက်ခိုက် ခြင်း၊ ဒို့တာဝန်အရေးသုံးပါးကို ထိပါးလာတဲ့အတွက် ဒီအဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် လွှတ်တော်က သတ်မှတ်ပေးဖို့ ပြောဆိုခဲ့ပါတယ်။

ဒါအပြင် ဒီအဖွဲ့တွေကိုလည်း NGO များ၊ INGO များက လူသားချင်း စာနာထောက်ထားနေတာတွေကို ရပ်ဆိုင်းသင့်ကြောင်း လွှတ်တော်က တိုက်တွန်းသင့်တယ်လို့ ယူဆတဲ့အကြောင်း ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်းက တင်ပြခဲ့ပါတယ်။

ဒီအဖွဲ့လေးဖွဲ့ထဲက KIA အဖွဲ့ဟာ NCA လက်မှတ် မထိုးရသေးပေမယ့် NLD အစိုးရရဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အချို့မှာ ပါဝင်ဆွေးနွေးနေသလို ဗိုလ်ချုပ်ကြီး အင်ဘန်လကလည်း UNFC အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။

NLD ပါတီလွှတ်တော် ကိုယ်စားလှယ်နဲ့ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေကတော့ NCA လမ်းကြောင်း အတိုင်း စားပွဲဝိုင်းမှာ အမြန်ဆုံးဆွေးနွေးကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။

အဆိုနဲ့ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ရမှာ မှတ်တမ်းတင်ထားရှိဖို့ ဆိုတဲ့ ဘက်က မဲအသာရရှိတဲ့အတွက် အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိခဲ့ကြပါတယ်။

မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် အပါအဝင် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသက မြိုနယ် အချို့မှာ နိုဝင်ဘာလ ၂ဝ ရက်နေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဒီကနေ့ အထိလည်း မုံးကိုးဒေသမှာ တိုက်ပွဲတွေဖြစ်နေတဲ့ အတွက် အစီးရေ မူဆယ်မြို့ပေါ်မှာ ဒုက္ခသည်စခန်းမှာ ဒုက္ခသည် သုံးထောင်ကျော်နဲ့ တဘက်နိုင်ငံမှာ ဒုက္ခသည် နှစ်သောင်းကျော် ရှိနေပြီလို သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ