ရှမ်းမြောက်က ဒုက္ခသည်တွေ အတွက် အကူအညီ ပေးဖို့ ခက်နေ

  • 2 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် STR
Image caption ရှမ်းမြောက် တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ

ကချင်နဲ့ ရှမ်း မြောက်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေကို အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးရာမှာ အခက်ခဲရှိတယ်ဆိုပြီး Oxfam အဖွဲ့အပါအဝင် အဲဒီမှာ ကူညီမှုလုပ်နေတဲ့ အိုင်အန်ဂျီအို အဖွဲ့တွေနဲ့ ဒေသခံ အရပ်ဖက်အဖွဲ့အစည်း (၁၁)ဖွဲ့က စာထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေဟာ အရပ်သားပြည်သူတွေနေတဲ့ နေရာ တွေနဲ့ ဒုက္ခသည်စခန်းနားမှာ ဖြစ်ပွားနေလို့ လုံခြုံရေး အခြေအနေအရ အကူအညီပေးဖို့ အခက်ခဲရှိနေတယ်လို့ Oxfam အဖွဲ့ကအရေးပေါ်လုပ်ငန်းလုပ်တဲ့ လူသားချင်းကူညီကယ်ဆယ်မှုအစီစဉ်ရဲ့ မန်နေဂျာ ဒေါ်စုစုဌေးက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ မြန်မာပြည်ဖက်မှာ လေးထောင် ပတ်၀န်းကျင် ရှိပြီး အစားအသောက် ၊ ရေ နဲ့ သန့်ရှင်းရေး ပစ္စည်းတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲမှာ ပါ၀င် ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာ ထောက်ထားမှု ဥပဒေတွေကို လေးစားလိုက်နာဖို့ လိုပြီး ၊ အရပ်သားတွေရဲ့ အိုးအိမ်တွေ ၊ အရပ်သားတွေ နေထိုင်နေတဲ့ နေရာတွေကို ကာကွယ် စောင့်ရှောက်ပေးဖို့ လိုသလို လက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲတွေကို ရပ်ပေးပါလို့ ပန်ကြားလိုကြောင်း ဒေါ်စုစုဌေးက ပြောပါတယ်။

အခုလို ကူညီ ထောက်ပံ့ပေးနေတဲ့ အန်ဂျီအိုတွေ အနေနဲ့ ဘက်မလိုက် အဖွဲ့အစည်းတွေ ဖြစ်ပြီး အရပ်သားတွေ လိုအပ်နေတဲ့ အကူအညီနဲ့ အကာအကွယ်ပေးဖို့ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ