UNFC ဥက္ကဌကို အကြမ်းဖက် သမား အဖြစ် အရေးယူဖို့ တပ်မတော် ကိုယ်စားလှယ်က လွှတ်တော်ထဲ ပြော

  • 2 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် UNFC
Image caption UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ ( ဝဲ အစွန် )

မြန်မာနိုင်ငံ အရှေ့မြောက် ဒေသ စစ်ပွဲ တွေမှာ၊ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေက အရပ်ဘက် ပစ်မှတ် တွေကို တိုက်ခိုက်နေတယ် ဆိုပြီး အရေးယူမှုတွေ ပြုလုပ်ပေးဖို့ တပ်မတော်ဘက် က ပြည်သူ့လွှတ်တော်မှာ အဆိုတင် ဆွေးနွေး ခဲ့ပါတယ်။

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ လတ်တလော တိုက်ပွဲ တွေ နဲ့ ပတ်သက်လို့ တပ်မတော်သား ကိုယ်စားလှယ် က မြောက်ပိုင်း မဟာမိတ် အဖွဲ့ လို့ ခေါ်တဲ့ ကချင် လက်နက်ကိုင် ကေအိုင်အေ အပါအဝင် ၊ အဖွဲ့ လေးဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်း တွေ အဖြစ် သတ်မှတ်ဖို့ အပြင် UNFC အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး အဲန်ဘန်လ အပါအဝင် ၊ အဖွဲ့ လေးဖွဲ့ က ခေါင်းဆောင်တွေကို အကြမ်းဖက် သမားတွေ အဖြစ် အရေးယူဖို့ တပ်မတော် ဘက်က တင်ပြ ခဲ့ပါတယ်။

တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ထဲ လက်မှတ် မရေး ထိုးကြ သေးပေမယ့်လည်း ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲ ပါဝင် ဖို့ရာ အစိုးရနဲ့ကြား ထိတွေ့ ဆက်ဆံမှု တွေ ဆက်တိုက် ရှိနေတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး အဲန်ဘန်လ ကို အကြမ်းဖက် သမား တစ်ယောက် အဖြစ် အရေးယူဖို့ တပ်မတော် သား ကိုယ်စားလှယ်က လွှတ်တော်ထဲ ပြောဆို လာတာဟာ တပ်မတော် တစ်ရပ်လုံး ကို ကိုယ်စား ပြုတာ ဖြစ်ပြီး၊ တပ်မတော် အကြီးကဲ ဗိုလ်ချုပ် မှုးကြီး မင်းအောင်လှိုင် ရဲ့ သဘောထား ကို ထင်ဟပ် ပြသ တာဘဲလို့ UNFC ဘက်က တုံ့ပြန် ပြောဆိုခဲ့ ပါတယ်။

အရှေ့မြောက် ဒေသမှာ တိုက်ပွဲ တွေ ပေါ်ပေါက် မလာခင်၊ တိုင်းရင်းသား နယ်မြေ တွေမှာ တပ်မတော်ဘက်က ထိုးစစ်တွေ မပြုလုပ်ဖို့၊ စစ်ရှိန် လျှော့ဖို့၊ ကေအိုင်အေ ဘက်က UNFC ကနေ တဆင့် ကမ်းလှမ်း ခဲ့ပြီး ဖြစ်ပေမယ့်၊ တပ်မတော် ဘက်က ဘယ်လို တုံ့ပြန်မှုမှ မပြု လုပ်ခဲ့ ဘူးလို့ UNFC ပြောခွင့်ရ တစ်ယောက် ဖြစ်တဲ့ ဦးထွန်းဇော်က ပြောပါတယ်။

UNFC အနေနဲ့ ပြဿနာကို ငြိမ်းချမ်းစွာ အဖြေ ရှာရမယ် ဆိုတဲ့ သဘောထားကို ဆက်လက် စွဲကိုင် ထားဆဲ ဖြစ်ပေမယ့်၊ တကယ် စားပွဲဝိုင်းပေါ် ရောက်လာဖို့ ဆိုတာ ကတော့ အစိုးရ နဲ့ တပ်မတော် အပေါ် အဓိက တည်မှီ နေတယ်လို့ ဦးထွန်းဇော် က ဆိုပါတယ်။

ဒါပေမယ့် တပ်မတော် ရဲ့ စစ်ရေး ဆောင်ရွက် ချက် တွေနဲ့ ပတ်သက်ပြီး တပ်မတော် အပေါ် အစိုးရ အနေနဲ့ တစုံတရာ ပြောဆို ညှိနှိုင်း တာမျိုး လုပ်ဆောင် နိုင်စွမ်း မရှိ ဘူး ဆိုတဲ့ သဘော ထား အမြင်တွေလည်း ကျယ်ကျယ် ပြန့်ပြန့် ရှိနေပါတယ်။

လက်ရှိ လုပ်ဆောင် နေတဲ့ ဆွေးနွေးပွဲ တွေ နဲ့ မလုံ လောက်ပဲ ၊ အဆုံးအဖြတ် တကယ် ပေးနိုင်သူ တွေ ထိပ်ဆုံး ပိုင်းက သူတွေ တွေ့ ဆုံ ဖို့ လိုအပ် နေပြီလို့ မြန်မာ့ နိုင်ငံရေး အကြောင်း စောင့်ကြည့် လေ့လာနေတဲ့ ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ် ပါတယ်။

လွှတ်တော် ထဲ ဆွေးနွေး ခဲ့ ကြ သလို အရှေ့မြောက် ဒေသ တိုက်ပွဲ တွေဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် ထိခိုက် မှာ စိုးရိမ် တယ် ဆိုတဲ့ အဆိုမျိုး ထက် ပိုပြီး ၊ တိုက်ပွဲတွေ ချက်ခြင်း ရပ်တန့် ပါ ဆိုတဲ့ ရှင်းလင်း ပြတ်သားတဲ့ အဆိုမျိုး လွှတ်တော် ထဲ တင်ကာ ဆွေးနွေး သင့်တယ် လို့ လည်း ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ