မုံးကိုး တိုက်ပွဲအတွင်း အဖမ်းခံခဲ့ရတဲ့ အရပ်သား ၈၀ကျော် လွတ်မြောက်လာ

  • 4 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption အစိုးရ တပ်မတော် က စစ်သားတွေ ကင်းလှည့်နေစဉ်

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ ၊ မုံးကိုးမြို့ မှာ တိုက်ပွဲတွေ ဆက် ဖြစ်နေပြီး၊ တိုက်ပွဲတွေ အတွင်း အစိုးရ တပ်မတော်က ဖမ်းဆီး ထားခဲ့တယ် ဆိုတဲ့ အရပ်သား ၈ဝ ကျော် ဟာ အခုအခါ ပြန်လည် ထွက်ပြေးလွတ်မြောက် လာပါတယ်။

မုံးကိုးမြို့က ဗျူဟာ ကုန်း အပါအဝင် အစိုးရ စစ်တပ် အခြေစိုက်ထားတဲ့ စစ် စခန်း နေရာ တွေကို မြောက်ပိုင်း မဟာမိတ် အဖွဲ့ ဝင် တွေ ဖြစ်တဲ့ ကချင်လက်နက်ကိုင် KIA နဲ့ ကိုးကန့်တပ် MNDAA တို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၂ ရက်နဲ့ ၃ ရက် နေ့တွေမှာ အပြင်းအထန် ထိုးစစ် ဆင် ခဲ့ကြပါတယ်။

ဗျူဟာကုန်းကို မြောက်ပိုင်း မဟာမိတ် တပ်တွေ ဝင်ရောက်စီး နင်းကာ အသာစီး ရ ချိန်မှာ အစိုးရက ဖမ်းဆီး ထားတဲ့ အရပ်သား ၈ဝ ကျော် ထွက်ပြေး လွတ်မြောက် လာကြပြီး ၊ တရုတ် နိုင်ငံ မန်စီနဲ့ မန်ဟိုင်း ဘက်ကနေ ဝင်လာ ခဲ့ကြတာလို့ အဲဒီ့ ဒုက္ခသည် တွေကို ကူညီ ပေးနေတဲ့ သူတွေက ပြောပါတယ်။

လွတ်မြောက် လာကြသူတွေ ထဲ သေနတ် ဒဏ်ရာ ရသူတွေ ပါဝင် လာကြတဲ့ အတွက် ဆေးရုံပေါ် လူ ၁ဝ ယောက် ဝန်းကျင် ရှိ နေကြတယ် လို့ ဆေးရုံပေါ်ရောက် နေသူတွေကို ပြုစု စောင့် ရှောက် ပေးနေတဲ့ ကိုဂွန်နောင် က ပြောပါတယ်။

အဲဒီသူတွေ ဟာ မင်္ဂလာဆောင် ပွဲ ရှိလို့ စုဝေး မိ နေကြတဲ့ အရပ်သား တွေ ဖြစ်ပြီး၊ နိုဝင်ဘာ ၂ဝ ၇က် နေ့က အစိုးရ တပ်မတော်ရဲ့ ဖမ်းဆီး ခေါ် ဆောင် သွားတာ ခံ ခဲ့ရတယ်လို့ ဆိုပါတယ်။

မုံးကိုး မှာ တိုက်ပွဲ ဒဏ်ကြောင့် အခုဆိုရင် အရပ်သားတွေ မရှိကြတော့ပဲ အားလုံး ထွက် ပြေးကုန်ကြပြီး မြို့ပေါ်က လူ နေအိမ် တော်တော် များများ လည်း လက်နက်ကြီး ဒဏ်ကြောင့် ထိခိုက် ပျက်စီး ခဲ့တယ် လို့ သိရပါတယ်။

အရပ်သား တွေ ထွက်ပြေးတုန်း အစိုးရ တပ်မတော်က ပစ်ခတ်လို့ လူ တချို့ သေဆုံး ခဲ့ရတယ် လို့ ကိုဂွန် နောင်က ဆိုပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ မဟာမိတ် အဖွဲ့ တွေက ထိုးစစ် ဆင် နေသလို အစိုးရ ဘက်ကလည်း လေကြောင်း ပစ်ကူ တွေ ကို အသုံး ပြု ခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ