မောင်တောမှာ မီးရှို့မှုနဲ့ ပတ်သက်လို့ အပြန်အလှန် စွပ်စွဲနေ

  • 3 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် MOI
Image caption ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဌ ကိုဖီ အာနန်

ရခိုင်ပြည်နယ် ကိုရောက်ရှိနေတဲ့ ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်အဖွဲ့ဟာ သူ့ရဲ့ ရခိုင်ခရီးစဉ် ဒုတိယမြောက်နေ့မှာ မောင်တောနဲ့ ဘူးသီးတောင်မြို့တွေကို ရဟတ်ယာဉ်တွေနဲ့ သွားရောက်ခဲ့ပါတယ်။

မောင်တောမြို့မှာ နယ်ခြားစောင့်တပ်ရဲ တပ်ဖွဲ့ ဌာနချုပ်နဲ့ မီးရှို့ခံထားရလို့ လူမရှိတော့တဲ့ ဝါးဘိတ်၊ ကြက်ရိုးပြင် မူဆလင်ရွာနဲ့ ရွှေဗဟို ရခိုင် ရွာတွေကို သွားရောက်ခဲ့ပြီး ဒေသခံ ပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မောင်တောမြို့နယ် အတွင်း ရွာတွေ မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး အစိုးရဘက်ကလည်း အကြမ်းဖက်သမားတွေ ကိုယ်တိုင် မီးရှို့တာလို့ သတင်းတွေ ထုတ်ပြန်ထားသလို တစ်ခြား ပြည်ပ သတင်းဌာနတွေကတော့ အစိုးရ စစ်တပ်က မီးရှို့တယ်ဆိုပြီး စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။

မူဆလင် ရွာသားတွေဘက်က ထုံးစံအတိုင်း စားနပ်ရိက္ခာနဲ့ လူမှုကယ်ဆယ်ရေး အကူအညီတွေ လိုအပ်ကြောင်း ကော်မရှင် အဖွဲ့၀င်တွေကို တင်ပြခဲ့ကြတယ်လို့ ရခိုင်ပြည်နယ် အထွထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ ကပြောပါတယ်။

ဒေသန္တရ အု ပ်ချုပ်ရေး အဖွဲ့အနေနဲ့ အဲဒီဒေသတွေ ဆီကို နိုင်ငံတကာ အကူအညီတွေ သွားရောက်ခွင့် ပြုထားပြီး ဖြစ်ကြောင်း သူက ရှင်းပြပါတယ်။

မီးရှို့ ခံရတဲ့ ရွာတွေက်စ္စနဲ့ ပတ်သက်ပြီး အစိုးရ တင်ပြတာနဲ့ မူဆလင်ရွာသားတွေ တင်ပြတာ ကွဲပြားမှု ရှိတယ်လို့ အကြံပေး ကော်မရှင်ထဲမှာ ပါဝင်တဲ့ ဦးအေးလွင် က ဆိုပါတယ်။

မနေ့က ကိုဖီအာနန် ခရီးစဉ်အတွင်းမှာ မောင်တောမှာ ရခိုင်တိုင်းရင်းသား လူပေါင်း ၅၀ဝ ခန့်က ကန့်ကွက် ဆန္ဒပြခဲ့ကြသလို ဘူးသီးတောင်မြို့မှာလည်း လူပေါင်း ၄၀ဝ ခန့်က ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက ရခိုင်ပြည်နယ် လွှတ်တော်က ဆုံးဖြတ်ချက်ကို လေးစားလိုက်နာဖို့နဲ့ ကိုဖီအာနန် ကော်မရှင်ကို ဖျက်သိမ်းဖို့ ပိုစတာ ဆိုင်းဘုတ်တွေထောင်ကာ ကြွေးကြော်ပြီး တောင်းဆို ဆန္ဒပြခဲ့ကြ ပါတယ်။

ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေး ကော်မရှင် အဖွဲ့ဟာ ဒီဇင်ဘာ ၄ ရက် နေ့မှာ မြောက်ဦးမြို့က ယဉ်ကျေးမှု အမွေအနှစ်တွေကို သွားရောက်ကြည့်ရှုမှာ ဖြစ်သလို မြေပုံမြို့ကိုသွားမယ်လို့လဲ သိရှိရပါတယ်။

တချိန်တည်းမှာ မောင်တော အကြမ်းဖက်တိုက်ခိုက်မူတွေ ဖြစ်ပွားတဲ့ နောက်ခံ အခြေအနေနဲ့ အဖြစ်မှန်ပေါ်ပေါက်စေဖို့ စုံစမ်းရေးကော်မရှင်ကို မကြာသေးခင်က နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးခဲ့ပါတယ်။

အဲဒီ စုံစမ်းရေး ကော်မရှင်ကို နှစ်ဖက် အသိုင်းအဝိုင်းက လူတွေက ပူးပေါင်းပြီး အမှန်အတိုင်း ပြောဖို့ လိုပြီး တကယ်လို့ တစုံတယောက်ရဲ့ သြဇာကြောင့် ထိန်ချန်ရင် သိနိုင်မှာ မဟုတ်ဘူးလို့ ကော်မရှင် အတွင်းရေးမှူး ဦးဇော်မြင့်ဖေက ပြောပါတယ်။

သူတို့အနေနဲ့ နိုင်ငံတော်က ဖွဲ့ထားပေးတဲ့ ကော်မရှင် ဖြစ်ပေမယ့် နိုင်ငံ၀န်ထမ်း မဟုတ်ဘဲ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့ပေးထားတာ ဖြစ်လို့ အကြောင်းရင်းမှန် ရှာဖွေတဲ့ အခါ လူထုရဲ့ ပူးပေါင်းပါ၀င်မှု လိုပြီး နိုင်ငံတကာ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ကုလသဂ္ဂ ဆိုင်ရာ အဖွဲ့တွေကလည်း ဘက်လိုက် ပြောတာတွေ မလုပ်သင့်ကြောင်းနဲ့ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်လို့ အဆုံးအဖြတ် ပေးရမယ့် အဖွဲ့တွေလည်း မဟုတ်ဘူးလို့ သူက ထောက်ပြခဲ့ပါတယ်။

နိုင်ငံတကာ ကလည်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို လက်ရှောင်နေဖို့ လိုအပ်ပြီး ဖိအားပေးတာတွေ မလိုအပ်ဘဲ ဝေဖန်မှုတွေ မလုပ်ဘဲ အစိုးရအနေနဲ့ သူတို့ ဖာသာ အဆုံးအဖြတ် ပြုနိုင်အောင် လွှတ်ထားပေးဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

သမ္မတရဲ့ ကြေညာချက် အရ State Organization တွေ ဖြစ်တဲ့ တပ်မတော် အပါအ၀င် ပြည်သူရဲ နဲ့ အုပ်ချုပ်ရေး အဖွဲ့တွေကိုလည်း ဆင့်ဆို နိုင်တယ်လို့ ဆိုထားတာကြောင့် သက်ဆိုင်ရာ အဖွဲ့တွေက အတူပူးပေါင်း ပါ၀င်မယ်လို့ ယူဆကြောင်းနဲ့ မှန်ကန်တဲ့ အချက်အလက်တွေ တင်ပြနိုင်ဖို ဆိုတာ သူတို့ ကော်မရှင်ရဲ့ အဓိက လုပ်ရမယ့် တာဝန်ဖြစ်တယ်လို့ သူက ပြောပါတယ်။

အခု နိုင်ငံတော် အဆင့် ဖွဲ့လိုက်တဲ့ စုံစမ်းရေး ကော်မရှင်ဟာ အချက်အလက်တွေ စုဆောင်းပြီး အစီရင်ခံစာကို သမ္မတဆီကို နှစ်လ အတွင်း တင်ပြရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ