ကိုဖီအာနန် မြောက်ဦးမြို့ လေ့လာ

  • 4 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် EPA
Image caption မြောက်ဦးမြို့ကို ရောက်ရှိနေစဉ်မှာ ကိုဖီအာနန်ဟာ ရခိုင်သမိုင်းနဲ့ပတ်သက်ပြီး စိတ်ဝင်တစားနဲ့ မေးမြန်းမှုတွေလည်း ရှိခဲ့

ရခိုင်ပြည်နယ်ရေးရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်နဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ် ခရီးစဉ်ရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၄ရက်နေ့မှာ မြောက်ဦး၊ မြေပုံမြို့တို့ကို သွားရောက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အကြံပေးနိုင်ရေးအတွက် စုံစမ်းမှုတွေကို လုပ်ဆောင်နေတဲ့ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်နဲ့ အဖွဲ့က စစ်တွေမြို့ကနေ မြောက်ဦးမြို့ကို ရဟတ်ယာဉ်နဲ့ အရင် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

အကြံပေးကော်မရှင်အနေနဲ့ ရခိုင်ရှေးဟောင်းမြို့တော်ဟောင်း တစ်ခု ဖြစ်တဲ့ မြောက်ဦးမြို့ကို သွားရတာဟာ ရခိုင်ဒေသခံတွေရဲ့ သမိုင်းနောက်ခံကို ကော်မရှင်က ပိုပြီး နားလည်စေချင်တဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်တယ်လို့ ကော်မရှင် အဖွဲ့ထဲမှာ ပါဝင်တဲ့ ရခိုင်အမျိုးသမီး တစ်ဦးဖြစ်သူ ဒေါ်စောခင်တင့်က ဘီဘီစီကို ပြောပါတယ်။

ကော်မရှင်အဖွဲ့ဝင်တွေဟာ မြောက်ဦးမြို့က သမိုင်းဝင် ရှစ်သောင်းဘုရား၊ နန်းရာကုန်းနဲ့ မြောက်ဦးပြတိုက်တို့ကိုလည်း သွားရောက် ကြည့်ရှုခဲ့ကြပါတယ်။

ဒီခရီးစဉ်အတွင်းမှာ ဒေသတွင်း တတ်နိုင်သမျှ နေရာစုံရောက်အောင် သွားဖို့ စီစဉ်ခဲ့တဲ့အတွက် ဒေသခံပေါင်းစုံရဲ့ ပြောပြချက်တွေကို နားထောင်ပြီး ရခိုင်ပြည်နယ် အနာဂါတ် အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ မျှော်လင့်ထားတယ်လို့ ဒေါ်စောခင်တင့်က ပြောပါတယ်။

မြောက်ဦးမြို့ကို ရောက်ရှိနေစဉ်မှာ ကိုဖီအာနန်ဟာ ရခိုင်သမိုင်းနဲ့ပတ်သက်ပြီး စိတ်ဝင်တစားနဲ့ မေးမြန်းမှုတွေလည်း ရှိခဲ့ပြီး သမိုင်းကြောင်းတွေကို ရှင်းပြခဲ့တယ်လို့ ရှေးဟောင်းသုတေသန (မြောက်ဦးဌာနခွဲ) ညွှန်ကြားရေးမှူး ဦးငြိမ်းလွင်က ဘီဘီစီကို ပြောပါတယ်။

အကြံပေးကော်မရှင် မြောက်ဦးမြို့ကို ရောက်ရှိချိန်မှာတော့ လူပေါင်း ၁၀ဝ ကျော်က ကော်မရှင်ကို ဖျက်သိမ်းပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

မြောက်ဦးအပြီးမှာ ကော်မရှင်အဖွဲ့ဟာ အဲဒီမြို့နယ်ထဲက ပေါင်းတုတ် မူဆလင်ကျေးရွာနဲ့ မြေပုံမြို့တို့ကိုလည်း ရဟတ်ယာဉ်နဲ့ သွားရောက်ပြီး ရွာသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီဇင်ဘာလ ၄ရက် ညနေပိုင်းမှာတော့ ကော်မရှင် အဖွဲ့ဟာ ရခိုင်ခရီးစဉ်ကို အဆုံးသတ်ခဲ့ပြီး နေပြည်တော်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ