မုန်းကိုးကို စစ်ကူ စစ်ကြောင်းတွေ ရောက်နိုင်ကြောင်း အစိုးရတပ် ကြေညာ

  • 4 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption အရှေ့မြောက် ဒေသ စစ်ပွဲတွေကြောင့် တရုတ်ဘက် ပြေးလာရတဲ့ ဒုက္ခသည်တွေ

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသက မုန်းကိုး မြို့ကို စစ်ကူ စစ်ကြောင်း တွေ ရောက်ရှိ ခဲ့ပြီး မြို့ကို ပြန်လည် ထိန်းချုပ် နိုင်ပြီလို့ အစိုးရ စစ်တပ်က ကြေညာ ပါတယ်။

မုန်းကိုးမှာ ရှိတဲ့ အစိုးရ စစ် စခန်းတွေကို မြောက်ပိုင်း မဟာမိတ် အဖွဲ့လို့ ခေါ်တဲ့ ကချင် လက်နက်ကိုင် KIA၊ ကိုးကန့်တပ် MNDAA ၊ တအာင်းပလောင်တပ် TNLA နဲ့ ရခိုင်တပ် AA တို့ ပူးပေါင်း အဖွဲ့တွေ တိုက်ခိုက် လာကြပြီး သီတင်း နှစ်ပတ် အကြာ မှာ အခုလို တပ်ကူတွေ ရောက်သွား နိုင်တယ် ဆိုပြီး အစိုးရ စစ်တပ် ဘက်က ထုတ်ပြန် လာတာ ဖြစ်ပါတယ်။

အခု ရက်ပိုင်းတွေ အတွင်း မုန်းကိုးကို သိမ်း နိုင်ပြီ ဆိုတဲ့ ပြောဆို မှုတွေ ကို မြောက်ပိုင်း မဟာမိတ် အဖွဲ့ တွေ ဘက်က လည်း ထွက်ပေါ် ခဲ့သလို၊ အခု တခါ အစိုးရ တပ်ကလည်း မြို့ကို ထိန်းချုပ် နိုင်ပြီလို့ ပြောလာတာ ဖြစ်ပြီး သီးခြား လွတ်လပ်တဲ့ အတည်ပြုမှု တော့ မရရှိ သေးပါဘူး။

နောက်ဆုံး သိထားရ သမျှ မုန်းကိုးက အစိုးရ စခန်း ဗျူဟာကုန်း မှာ တိုက်ပွဲ တွေ ဆက်လက် ရှိ နေခဲ့ပြီး အစိုးရတပ်ရဲ့ လေကြောင်းတိုက်ခိုက် မှု တွေ အပါအဝင်၊ နှစ်ဘက် လက်နက်ကြီး ကျည်တွေ ကြောင့် မြို့ပေါ်မှာ အရပ်သားတွေ မနေနိုင်တော့ပဲ တရုတ် နိုင်ငံဘက် ထောင်နဲ့ချီ ထွက် ပြေး ခဲ့ကြ ရပါတယ်။

သူတို့ ဒေသတွေမှာ အစိုးရ က စစ်ရေး အရ ဖိအား ပေးလာတဲ့ အတွက် တုံ့ပြန် တဲ့ အနေနဲ့ မူဆယ် ခရိုင် ထဲ တိုက်ပွဲတွေ ဖော်ဆောင် လာရတာ ဖြစ်တယ် ဆိုပြီး မြောက်ပိုင်း မဟာမိတ် အဖွဲ့က ကြေညာ ထားပါတယ်။

တရုတ် နိုင်ငံ ရဲ့ ကြားဝင် မှု အရ အဲဒီ့ လက်နက်ကိုင် တပ်တွေနဲ့ အစိုးရ ကိုယ်စားလှယ် တွေ ကူမင်းမှာ တွေ့ဖို့ စီစဉ် ခဲ့ကြပေမယ့် တင်ကြို ညှိနှိုင်းမှု တွေမှာတင် မအောင်မြင် တဲ့ အတွက် တွေ့ဆုံ တဲ့ အဆင့် မရောက်ပဲ ပျက် ခဲ့ ရပါတယ်။

အခုအခါ အစိုးရ စစ်တပ်က အဲဒီ့ လူမျိုးစု လက်နက်ကိုင်တွေကို သောင်းကျန်းသူ တွေ၊ အကြမ်းဖက် သမား တွေလို့ ခေါ်ဝေါ် သုံးစွဲ နေပြီး၊ လွှတ်တော် ထဲမှာလည်း စစ်တပ် ကိုယ်စားလှယ်က အဲဒီ့ အဖွဲ့ တွေရဲ့ ခေါင်းဆောင် အသီးသီးကို အကြမ်းဖက် ခေါင်းဆောင် တွေ အဖြစ် အရေးယူရမယ်လို့ ပြောဆို လာတဲ့ အထိ ဖြစ်လာ ပါတယ်။

ဒါ့ကြောင့် တပြည်လုံး အပစ်ရပ်ရေး မျှော်လင့်ချက် ထိခိုက် နေပြီး၊ ပြည်တွင်း ငြိမ်းချမ်းရေး အလားအလာ အပေါ် မှာလည်း စိုးရိမ် စိတ်တွေ ပိုမို တိုးတက် ဖြစ်ထွန်း နေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ