ရခိုင်ကော်မရှင် ကြားဖြတ် အစီရင်ခံစာ တင်မယ်

  • 5 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP/ Getty Images
Image caption ရခိုင်အကြံပေး ကော်မရှင် အဖွဲ့ သမ္မတနဲ့ တွေ့ဆုံစဉ်

မြန်မာ နိုင်ငံမှာ ရောက်နေတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်နဲ့ အဖွဲ့ဝင်တွေက ဒီကနေ့ သမ္မတ ဦးထင်ကျော်ကို သွားရောက် တွေ့ဆုံခဲ့ ပါတယ်။

ရခိုင်ပြည်နယ် အတွင်းက အသိုင်းအဝိုင်း နှစ်ဘက်လုံး အတွက် လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ကိစ္စ၊ အပြန်အလှန် ထိတွေ့ ဆက်ဆံပြီး ပူးပေါင်း ဆောင်ရွက်ရေး၊ ကောလာဟလ သတင်းတွေကို မှန်မှန်ကန်ကန် တုံ့ပြန်ပြီး ပွင့်ပွင့် လင်းလင်း သတင်းထုတ်ပြန်ရေး၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အရ အခွင့် အရေးရဖို့နဲ့ တခြား အရေးကြီး ကိစ္စရပ်တွေကို အပြန်အလှန် ဆွေးနွေး ခဲ့ကြတယ်လို့ နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ထား ပါတယ်။

တွေ့ဆုံရာမှာ ပါဝင်တဲ့ အကြံပေးကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်ကတော့ သမ္မတ အနေနဲ့ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေကို ကြိုဆိုကြောင်း ပြောတယ်လို့ ဆိုပါတယ်။

ရခိုင်ကော်မရှင် အနေနဲ့ ကြားဖြတ်အစီရင်ခံစာ တစ်စောင်လည်း ထုတ်ပြန်ဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

မစ္စတာ အာနန်နဲ့ အဖွဲ့က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် အမတ်တွေနဲ့လည်း တွေ့ဆုံခဲ့ ပါတယ်။

ရခိုင် အမျိုးသား ပါတီ ANP က အမတ် အများစု ကတော့ မစ္စတာ အာနန် ဦးဆောင်တဲ့ ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို ရခိုင်ပြည်နယ် လွှတ်တော်က အသိအမှတ်မပြုဖို့ ဆုံးဖြတ်ထားတဲ့ အတိုင်း လိုက်နာပြီး တွေ့ဆုံဖို့ ငြင်းဆန်ခဲ့ ပါတယ်။

ANP ပါတီက တစ်ဦးတည်းသွားရောက် တွေ့ဆုံခဲ့သူ အမ်းနဲ့ ရမ်းဗြဲမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက ရခိုင်အရေးကိစ္စကို ကိုင်တွယ်ဆောင်ရွက်မယ့် ကော်မရှင် အနေနဲ့ ရခိုင်သမိုင်းကို သိဖို့ လိုအပ်ကြောင်း၊ လက်ရှိ ဖြစ်ရပ် တစ်ခုတည်းကို ကြည့်ပြီး ချဉ်းကပ် ဆောင်ရွက်လို့ မရကြောင်း တင်ပြ ဆွေးနွေးခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ လက ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ အကြမ်းဖက်မှု အသွင်ဆောင်လာတဲ့ အတွက် ကော်မရှင် အနေနဲ့ ဒီကိစ္စကို သီးခြား အစီရင်ခံစာ တင်သင့်တယ်လို့လည်း သူက အကြံပြု ခဲ့တယ်လို့ ဒေါ်ထုမေက ပြောပါတယ်။

အကြံပေးကော်မရှင် ဥက္ကဋ္ဌ မစ္စတာ အာနန် ဘက်ကတော့ ရခိုင်ပြည်နယ်မှာ မွတ်ဆလင် အသိုင်း အဝိုင်းက သူတို့နဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ပေမဲ့ ရခိုင်ဖက်ကတော့ ပူးပေါင်းမှု အားနည်းတယ်လို့ ပြောကြောင်း ဒေါ်ထုမေက ပြန်ပြောပါတယ်။

ဘာကြောင့် ဒီလို ပူးပေါင်းမှု အားနည်းတယ် ဆိုတာ ကော်မရှင် အနေနဲ့ လေ့လာဖို့ လို့ သူက တုံ့ပြန် ခဲ့ကြောင်း ဒေါ်ထုမေက ဘီဘီစီကို ပြောပါတယ်။

ကိုဖီအာနန်နဲ့ ကော်မရှင် အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း မောင်တော အပါအဝင် ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ