တဇုန် တလမ်း စီမံကိန်း တရုတ် ရထားလမ်း မြန်မာကို ဖြတ်ပြီး ထိုင်းကို ဝင်မယ်

  • 7 ဒီဇင်ဘာ 2016
Image caption တရုတ် မဟာဗျူဟာ ရထားလမ်း စီမံကိန်း

မြန်မာ နိုင်ငံ ထဲမှာ တရုတ် နိုင်ငံ အကူအညီနဲ့ ဖောက်လုပ်မယ့် မြန်နှုန်းမြင့် ရထားလမ်း ဟာ မူဆယ်၊ လားရှိုး၊ မန္တလေး၊ ရန်ကုန် ၊ မော်လမြိုင် စတဲ့ မြို့ကြီး တွေကို ဆက်သွယ် ဖြတ်သန်း သွားဖို့ စီစဉ် ထားပါတယ်။

ဒါဟာ တရုတ် နိုင်ငံရဲ့ One Belt, One Road လို့ ခေါ်တဲ့ စီပွားရေး မဟာဗျူဟာ စီမံကိန်း ရဲ့ အစိတ်အပိုင်း တစ်ရပ် ဖြစ်ပါတယ်။

ဒီ ရထားလမ်းပေါ် တစ်နာရီ မိုင်နှစ်ရာ နီးပါး ခုတ်မောင်းဖို့ ရည်ရွယ် ထားတာကြောင့် တကယ် အကောင်အထည် ပေါ်လာခဲ့ရင် တရုတ်ပြည် ယူနန် နယ်စပ်ကနေ ရန်ကုန်ကို နာရီ အနည်းငယ် အတွင်း ရောက်လာ နိုင်မှာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံဟာ ဥရောပနဲ့ အာရှ နိုင်ငံတွေကြား ကုန်းလမ်းနဲ့ ရေလမ်း ကုန်သွယ်ရေး လမ်းကို တဆက်တစပ်တည်း ပေါင်းစည်းဖို့ ရည်ရွယ် ပြီး ရှေးတုန်းက နာမည်ကျော် ကုန်သွယ်ရေး ပိုးလမ်းမကြီး ကို အခြေခံ ချဲ့ထွင် ကာ One Belt, One Road စီမံကိန်း ချ ထားတာ ဖြစ်ပါတယ်။

နိုဝင်ဘာ နောက်ဆုံးပတ် တုန်းက မန္တလေးမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေး တစ်ခုမှာ တရုတ် ကောင်စစ်ဝန်ချုပ် ဝမ် ဂျောင်ရင် က မြန်နှုန်းမြင့် ရထားလမ်းဟာ မြန်မာနဲ့ နယ်စပ်မြို့ ရွှေလီ ကနေ မြန်မာ ဘက်ခြမ်း ဝင်လာဖို့ လုပ်ငန်း စတင် နေ ပြီ လို့ ပြောခဲ့ပါတယ်။

အဲဒီ့ ရထားလမ်းဟာ မူဆယ်၊ လားရှိုး၊ မန္တလေး ၊ ရန်ကုန်နဲ့ မော်လမြိုင် ကနေ တဆင့် ထိုင်း နိုင်ငံကို ဝင်ရောက် သွားမှာ ဖြစ်ပါတယ်။

ရထားလမ်း ဖောက်လို့ သဘာဝနဲ့ ဒေသခံ တွေအပေါ် ဘယ်လို အကျိုး အပြစ်တွေ သက်ရောက် နိုင်မလဲ ဆိုတာကို သေချာစွာ စိစစ် သွားမယ်လို့ မြန်မာ-တရုတ် အသင်း မန္တလေးတိုင်း ဥက္ကဌ ဦးပိုမြင့်က ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံထဲက လက်ပံတောင်း ကြေးနီ စီမံကိန်းနဲ့ ဧရာဝတီ မြစ်ဆုံ တမံ စီမံကိန်းတွေလို တရုတ် အစိုးရ ကုမ္ပဏီတွေ နဲ့ ပူးတွဲ ဆောင်ရွက်တဲ့ စီမံကိန်းတွေ ဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ ဒေသခံ တွေ အရေး ထည့်သွင်း မစဉ်းစားလို့ ဆိုပြီး မြန်မာ ပြည်တွင်း ဆန့်ကျင် ကန့်ကွက် မှုတွေ ခါးခါးသည်းသည်း ရှိနေပါတယ်။

ဒါ့အပြင် အခု မြန်နှုန်းမြင့် ရထားလမ်း တရုတ် နိုင်ငံထဲက နေ မြန်မာပြည် ထဲ ဝင်လာဖို့ ရည်ရွယ် ထားတဲ့ မူဆယ် ခရိုင် ထဲမှာလည်း တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် တွေနဲ့ မြန်မာ အစိုးရ စစ်တပ် ကြား တိုက်ပွဲတွေ ပေါ်ပေါက် နေပြီး လုံခြုံရေး မတည်မငြိမ် ဖြစ်နေ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ