စိန်ခေါ်မှုတွေကို စုံစမ်းရေး ကော်မရှင်က ကြိုတွက်ထား

  • 8 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် Myanmar Presedent Office FB
Image caption ရခိုင် စုံစမ်းရေး ကော်မရှင် ပထမဆုံး ဆွေးနွေးစဉ် (ဓါတ်ပုံ သမ္မတရုံး ဖေ့စ်ဘွတ်)

ရခိုင်ပြည်နယ် မောင်တော ဒေသမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ရတဲ့ အ ကြောင်းရင်းနဲ့ တိုက်ခိုက်သူတွေကို လိုက်လံ ရှာဖွေဖမ်းဆီးပြီး လုံခြုံရေး အရ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်မှုတွေမှာ စွပ်စွဲချက်တွေ ရှိနေတာကို စုံစမ်း စစ်ဆေးဖို့ သမ္မတက ဖွဲ့စည်း ပေးခဲ့တဲ့ ဒုတိယ သမ္မတ ဦးမြင့်ဆွေ ခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ် စုံစမ်းရေး ကော်မရှင်က အစည်း အဝေးကို ဒီဇင်ဘာလ ၈ ရက်နေ့က ပထမဆုံး ပြုလုပ်ခဲ့ ပါတယ်။

ကော်မရှင် အတွက် တာဝန်က ကွင်းဆင်း ထိတွေ့ခြင်းနဲ့ အစီရင်ခံစာ ရေးခြင်းဆိုတဲ့ နှစ်ပိုင်းရှိပြီး လာမယ့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ တွေ့ရှိချက် တွေကို အစီရင်ခံစာ တင်သွင်းရမှာ ဖြစ်လို့ လုပ်ငန်း တာဝန်တွေ လုပ်ဆောင်ဖို့ အချိန် သိပ်မရဘူးလို့ ကော်မရှင် အတွင်းရေးမှူး ဦးဇော်မြင့်ဖေက ပြောပါတယ်။

မကြာခင် ရက်ပိုင်းမှာပဲ ရခိုင် ပြည်နယ်ကို သွားမှာ ဖြစ်ပြီး ထိခိုက်မှုတွေ ရှိခဲ့တဲ့ ကျေးရွာတွေက ဒေသခံတွေ၊ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ အစိုးရ မဟုတ်တဲ့ NGO အဖွဲ့တွေနဲ့ပါ တွေ့ဆုံ မေးမြန်း တာတွေ လုပ်မယ်လို့လည်း ဦးဇော်မြင့်ဖေက ပြောပါတယ်။

လုံခြုံရေး အကန့် အသတ်၊ ဘာသာ စကား အကန့် အသတ် တွေ အပြင် ဆက်တိုက် ဖြစ်လာတဲ့ ပဋိပက္ခ တွေကြောင့် ဒေသခံတွေ အနေနဲ့ ထိတ်လန့် ကြောက်ရွံ့မှု၊ မယုံကြည်မှုတွေ ဖြစ်နိုင်တဲ့ အတွက် သူတို့ကို မေးမြန်းပြီး စစ်မှန်တဲ့ သတင်း အချက် အလက်တွေကို မှန်မှန်ကန်ကန် တင်ပြနိုင်ရေးမှာ ရခိုင်ပြည်နယ် စုံစမ်းရေး ကော်မရှင် အဖို့ အခက်အခဲတွေ ရှိနိုင်တယ် ဆိုတာ ကြိုတင် တွက်ဆ ထားတယ်လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် သူက ကော်မရှင် အနေနဲ့ကတော့ ဘက်လိုက်မှု မရှိဘဲ ရိုးရိုးသားသား ဆောင်ရွက်မယ်၊ ပြည်သူတွေ ကလည်း ပူးပေါင်းဖို့ လိုတယ်၊ ယုံကြည်မှုနဲ့ နားလည်မှု ရအောင် ကြိုးပမ်း ဆောင်ရွက်မယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ကို သွားရောက် စုံစမ်းတဲ့ အခါ အဲဒီက လုံခြုံရေး အကန့်အသတ်၊ သွားလာရေး ဆိုင်ရာ အကန့်အသတ်တွေ ရှိနေလို့ ပဋိပက္ခဖြစ်ရာ ဒေသမှာ အာဏာပိုင်တွေရဲ့ အကူအညီ မပါဘဲ ဆောင်ရွက်လို့ မရသလို အာဏာပိုင်တွေ စီစဉ်ပေးတဲ့ အတိုင်း လုပ်ဆောင်တယ် ဆိုတာလည်း အဖြစ်မခံဘူးလို့ ဦးဇော်မြင့်ဖေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ