မလေးရှားက မြန်မာပိုင်ဆိုင်တွေကို ခြိမ်းခြောက်မှုရှိ

  • 8 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် FAZRY ISMAIL
Image caption မလေးရှား ဝန်ကြီးချုပ် ကိုယ်တိုင် ဆန္ဒပြ

ရခိုင်ပြည်နယ် မောင်တောမှာ လောလောဆယ် ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ မလေးရှားနိုင်ငံမှာ ဝန်ကြီးချုပ်ကိုယ်တိုင်အပါအဝင် နိုင်ငံရေးပါတီတွေ ဘာသာရေးအဖွဲ့အစည်းတွေ ဦးဆောင်တဲ့ ဆန္ဒပြခဲ့တဲ့နောက်ပိုင်း မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အထူးဂရုပြုသွားလာကြဖို့ ကွာလာလမ်ပူမှာရှိတဲ့ မြန်မာသံရုံးက သတိပေးခဲ့ပါတယ်။

မြန်မာနိုင်ငံကနေ မလေးရှားကို အလုပ်သမားစေလွှတ်တာကို ခေတ္တရပ်ဆိုင်းမယ်လို့ ဒီဇင်ဘာလ ၆ ရက်နေ့က အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားရာမှာ မလေးရှားက ဆန္ဒပြမှုတွေ နဲ့ မြန်မာပိုင် ဆိုင်တွေကို ခြိမ်းခြောက်မှု တချို့ရှိတယ်လို့ ပြောခဲ့ပါတယ်။

ရန်ပြုတိုက်ခိုက်တာတွေ မရှိသေးပေမယ့် မလေးရှားမှာရှိတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေကြောင်းလည်း မလေးရှား ဆလာဂေါပြည်နယ် ရဝမ်းဒေသက စက်ရုံ အလုပ်သမား တွေက ပြောပါတယ်။

သူတို့ကို အပြင်မထွက်ကြဖို့၊ အထူးသဖြင့် ကွာလာလမ်ပူကို မသွားကြဖို့ မိတ်ဆွေ မလေး လူမျိုးတွေက ပြောတယ်လို့လည်း ဆိုပါတယ်။

မြန်မာ စစ်တပ်က မွတ်ဆလင်တွေကို တိုက်ခိုက်နေတယ် ဆိုပြီး မလေး ရုပ်သံတွေမှာ ပြသနေလို့ စိတ်ဆိုးဒေါသထွက်တာတွေ ရှိတယ်လို့လည်း သိရပါတယ်။

ကွာလာလမ်ပူ မြို့တော် မြန်မာ သံရုံးက လည်း မလေးရှားရောက် အလုပ်သမားတွေ သွားလာ နေထိုင်ရာမှာ သတိရှိကြဖို့ အကြံပေးထားပါတယ်။

အလုပ်သမားတွေဘက်က စိုးရိမ်နေကြလို့ ဂရုစိုက်သွားလာတာတွေ ရှိတယ်လို့ မြန်မာ သံရုံးအလုပ်သမားရေးရာ တာဝန်ခံ ဦးတင်အောင်မိုးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ