ဒေါ်အောင်ဆန်း စုကြည် ရခိုင်ကို ကိုယ်တိုင်သွားဖို့ ကုလ တိုက်တွန်း

  • 9 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP/ Getty Images
Image caption ရခိုင်အရေး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို ဖိအားတွေ တိုးလာနေ

ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ ရခိုင် ပြည်နယ်မြောက်ပိုင်းက မောင်တောနဲ့ ဘူးသီးတောင်ကို သွားပြီး ဒေသခံတွေကို အကာအကွယ် ပေးမယ် ဆိုတာ အာမခံပေးဖို့ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အထူးကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယားက ပန်ကြားလိုက် ပါတယ်။

ရခိုင် ပြည်နယ်က အခြေအနေကို ကုလသမဂ္ဂ အနေနဲ့ အလေးအနက် စိုးရိမ် မိကြောင်းနဲ့ လုံခြုံရေးတွေ အနေနဲ့ ဒေသခံ အရပ်သားတွေ အပေါ် အကြမ်းဖက်မှု မဖြစ်စေရေး အတွက် နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ လုပ်ဆောင်ဖို့လည်း ကုလသမဂ္ဂက တိုက်တွန်းကြောင်း မစ္စတာ နမ်ဘီယားရဲ့ ဒီဇင်ဘာ ၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးကတော့ နိုင်ငံ့ ခေါင်းဆောင် တစ်ယောက်ကို ဘာလုပ်သင့်တယ်လို့ ပြောတာဟာ ကုလ သမဂ္ဂ အနေနဲ့ နိုင်ငံ တစ်နိုင်ငံရဲ့ အချုပ် အခြာ အာဏာကို ဝင်မစွက်ရေး ဆိုတာကို စောင့့််ထိန်းဖို့ ပျက်ကွက်တာ ဖြစ်ပြီး မြန်မာ အစိုးရ အနေနဲ့ အလွန်အမင်း စိတ်ပျက် မိတယ်လို့ ပြောဆို တုံ့ပြန် ပါတယ်။

မောင်တောကို သွားမသွားဆိုတာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုံးဖြတ်မှာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

မစ္စတာ နမ်ဘီးယားဟာ အခု နောက်ဆုံး ပဋိပက္ခတွေ ဘာကြောင့် ဖြစ်ရတယ်ဆိုတာ ဖော်ပြဖို့ ပျက်ကွက်တဲ့ အပြင် ကုလ သမဂ္ဂရဲ့ ပြောဆိုမှုတွေဟာ လက်တွေ့ အခြေအနေ မှန်နဲ့ ကင်းကွာ နေတယ်လို့ လည်း သူက ပြောဆိုပါတယ်။

မစ္စတာ မန်ဘီးယား ကတော့ ဒေါ်အောင်ဆန်း စုကြည်ဟာ လူ့အခွင့်အရေး အတွက် ဦးစားပေး ဆောင်ရွက် သူအနေနဲ့ သူခံယူတဲ့ မူအတိုင်းပဲ လိုက်နာ ဆောင်ရွက်ဖို့နဲ့ ဘာသာ လူမျိုး ကွဲပြားမှုတွေ ဆိုတာထက် လူ့ဂုဏ်သိက္ခာရှိရှိနဲ့ ညီညီညွတ်ညွတ် လက်တွဲ နေထိုင်ကြဖို့ ပြည်သူ တွေကို ထုတ်ဖော် ပြောပါလို့လည်း တိုက်တွန်းလိုက် ပါတယ်။

တချိန်တည်း မှာပဲ မြန်မာ နိုင်ငံမှာ ရှိတဲ့ အနောက်နိုင်ငံ သံရုံး ၁၄ ခုက စုပေါင်းပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီတွေ ပို့ပေးဖို့ ကြံ့ကြာ နေတာနဲ့ပတ်သက်လို့ စိုးရိမ်တဲ့ အကြောင်း ထုတ်ပြန် ပြောဆို လိုက် ပါတယ်။

ကလေးငယ်တွေ အပါအဝင် လူတွေ ထောင်နဲ့ ချီပြီး လူသားချင်း စာနာတဲ့ စားနပ် ရိက္ခာ အကူအညီတွေ မရဘဲ နေခဲ့ရတာ နှစ်လနီးပါး ရှိနေပြီလို့ လည်း သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ထောက်ပြထား ပါတယ်။

မြန်မာအစိုးရ ကတော့ လုံခြုံရေး စိတ်ချရတဲ့ နေရာတွေမှာ အကူအညီ ပေးဖို့ ခွင့်ပြု ထားကြောင်း ပြောပါတယ်။

ကုလ သမဂ္ဂ အတွင်း ရေးမှူးချုပ်ဟောင်း ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး အဖွဲ့ရဲ့ အဖွဲ့ဝင် ဦးဝင်းမြက တော့ သူသိရသလောက် လုံခြုံရေး စိတ်ချရတဲ့ နေရာတွေမှာ လူသားချင်း စာနာမှု အကူ အညီတွေ ပေးနေ ကြပြီ ဖြစ်ကြောင်းနဲ့ လုံခြုံရေး စိတ်ချ လာရရင် နောက်ထပ် ပိုမို ပို့ပေးနိုင် မှာပါလို့ ပြောပါတယ်။

လုံခြုံရေး မတည်ငြိမ်သေးတဲ့ ပဋိပက္ခဒေသက လူတွေ စားနပ်ရိက္ခာ မပြတ်လပ် စေဖို့ လေကြောင်းကနေ စားစရာတွေ ချပေးတာမျိုး ကိုရော မစဉ်းစား ဘူးလားလို့ ဘီဘီစီက မေးရာမှာ ဒီကိစ္စကိုလည်း စဉ်းစားဖို့ သင့်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ