ရန်ကုန်မှာ လမ်းဘေး စျေးသည်တွေ ဆန္ဒပြ

  • 9 ဒီဇင်ဘာ 2016
Image caption ရန်ကုန် လမ်းမ ၊ ကွန်ကရစ် ဘလောက်တုံးနဲ့ လမ်းဘေး စျေးသည်များ

ရန်ကုန်မှာ လမ်းဘေးဈေးသည် (၂၀ဝ) လောက်ဟာ မော်တင်ကနေ မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး မူလ နေရာတွေမှာ ဈေးပြန်လည် ရောင်းချခွင့်ရဖို့ တောင်းဆိုခဲ့ကြပါတယ်။

ရန်ကုန်မြို့တော်စည်ပင် က ချပေးတဲ့ ညဈေးတန်းမှာ ဆိုင်ခန်း နေရာမရတာ နဲ့ ဈေးရောင်းမကောင်းတဲ့ အခက်ခဲတွေရှိတယ်လို့ ဆန္ဒပြတဲ့ ဈေးသည်တွေက ပြောပါတယ်။

ရန်ကုန် မြို့လယ်ခေါင်က လမ်းဘေး ဈေးသည်တွေကို ကမ်းနားလမ်းတလျှောက်က ညဈေးမှာ ပြောင်းရွှေ့ ဖွင့်လှစ်ရမယ်ဆိုပြီး စည်ပင်က အမိန့်ထုတ်ထားတာ ဖြစ်ပါတယ်။

အဲဒီ အမိန့် ထုတ်ထားတာ တစ်လတောင် မပြည့်သေးချိန်မှာ လမ်းဘေးဈေးသည်တွေက ခုလို လမ်းပေါ်ထွက် ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ညဈေးတန်းမှာ ဆိုင်ခန်းနေရာ မရလို့ မြို့လယ်ခေါင်က လမ်းကြိုလမ်းကြားတွေမှာ ဈေးရောင်းချရတဲ့ အတွက် အခက်ခဲတွေ ရှိတယ် ဆိုပြီးတော့ ဆန္ဒပြရာမှာ ပါခဲ့တဲ့ လမ်းဘေးဈေးသည် ဦးထွန်းထွန်းအေး က ပြောပါတယ်။

မြို့လယ်ခေါင် က အဓိက လမ်းမကြီး (၄)ခုဖြစ်တဲ့ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာလမ်းမတွေပေါ် ရောင်းချနေတဲ့ လမ်းဘေးဈေးသည်တွေဟာ ကမ်းနားလမ်းတလျှောက် က ညဈေးတန်းမှာ ရောင်းချရမယ်ဆိုပြီး စည်ပင်က ပြီးခဲ့တဲ့ လလယ်ပိုင်းက အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် တကယ်တမ်း ဖွင့်လှစ်တဲ့ ညဈေးတန်း မှာတော့ ဈေးသည် အားလုံးအတွက် ဆိုင်ခန်းနေရာတွေ အလုံအလောက် မစီစဉ်ပေးနိုင်သလို၊ လက်သင့်ရာ သူတွေကိုပဲ ဆိုင်ခန်းနေရာ ပေးတာမျိုးတွေပဲ ရှိနေတယ်လို့ ဈေးသည်တွေဘက်က ပြောပါတယ်။

စည်ပင်အနေနဲ့ ကျန်သေးတဲ့ လမ်းဘေးဈေးသည်အတွက် စီစဉ်ပေးနေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်းမြင့်အောင် က ပြောပါတယ်။

ရန်ကုန်မြို့လယ်ခေါင်မှာ လမ်းဘေးဈေးသည် (၅)ထောင်ကျော် ရှိပေမယ့် အခု ညဈေးတန်းမှာ ဆိုင်ခန်းနေရာပေါင်း (၁၆၀ဝ)ကိုပဲ စည်ပင်ကနေ စီစဉ်ပေးထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ