အာဏရ ပါတီဝင် ဒေသန္တရ ဝန်ကြီးချုပ်နဲ့ လွှတ်တော် ဥက္ကဌတို့ ပါတီတွင်း စစ်ဆေး ခံနေရ

  • 11 ဒီဇင်ဘာ 2016
Image caption မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင် မွန်ပြည်နယ် ဝန်ကြီးချုပ်၊ တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌနဲ့ ဒုဥက္ကဌ တွေဟာ ရန်ကုန်က ပါတီ ရုံးချုပ်မှာ ခေါ်ယူ စစ်ဆေး ခံခဲ့ရပါတယ်။

သူတို့ အသီးသီး နဲ့ ပတ်သက်ပြီး တိုင်ကြားစာ တွေ ပါတီ ဗဟိုက ရရှိ ထားတဲ့ အတွက် ပါတီ တိုင်ကြား စာများ လေ့လာ သုံးသပ်ရေး ကော်မရှင်က အခုလို ခေါ်ယူ စစ်ဆေး ခံ ရတာ ဖြစ်ပါတယ်။

တနင်္သာရီ တိုင်း လွှတ်တော် ဥက္ကဌ ဦးခင်မောင်အေး နဲ့ ဒု ဥက္ကဌ ဦးကြည်စိုး တို့ဟာ သူတို့နဲ့ နီးစပ်သူတွေ ကို လွှတ်တော် အဆောက်အဦ ဆောက်လုပ်ရေး လုပ်ကိုင်ခွင့် ချပေး ခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ရင်ဆိုင် နေရတာ ဖြစ်ပြီး၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး ကတော့ လူမှုရေး ကိစ္စ အရှုပ်အရှင်း တွေ ရှိတယ် ဆိုပြီး တိုင်ကြား ခံထား ရတာ ဖြစ်ပါတယ်။

စစ်ဆေး နေသလောက် အဂတိ လိုက်စားမှု စွဲချက် တွေနဲ့ ပတ်သက်ပြီး ထင်ထင်ရှားရှား မတွေ့ရ သေးဘူးလို့ ပါတီ တိုင်ကြားစာများ လေ့လာသုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်က ဘီဘီစီကို ပြောပါတယ်။

တကယ်လို့ စွပ်စွဲမှု တွေ မှန်ကြောင်း တွေ့ရှိ လာရင်တော့ ပါတီ ဝင် အဖြစ်က ရပ်ဆိုင်းတဲ့ ပါတီတွင်း အရေးယူမှု တွေ ပြုလုပ် လာဖွယ် ရှိတယ် လို့လည်း ဆိုပါတယ်။

တိုင်ကြားသူ တွေကိုလည်း ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက ပါတီက ခေါ်ယူ မေးမြန်း ခဲ့ပြီး ဖြစ်ပါတယ်။

စွပ်စွဲမှု တွေနဲ့ ရင်ဆိုင် နေရတဲ့ တနင်္သာရီတိုင်း လွှတ်တော် ဒုဥက္ကဌ ဦးကြည်စိုး ကတော့ သူတို့ ဘက်က ပြုလုပ် ခဲ့တာ တွေ ကို ထွက်ဆို ခဲ့ပြီ ဖြစ်ပြီး ပါတီ ရဲ့ အဆုံး အဖြတ်ကို လက်ခံ လိုက်နာမယ်လို့ ဘီဘီစီ ကို ပြောပါတယ်။

အခုလို တိုင်ကြား ခံရတဲ့ ကာယကံ ရှင်တွေကို သက်ဆိုင်ရာ ကော်မရှင်က လူချင်း တွေ့ဆုံ အပြီး မှာတော့၊ ကော်မရှင် ရဲ့ တွေ့ရှိချက် တွေကို ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ကို တင်ပြ မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ