အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အထူးအစည်းအဝေး မြန်မာမှာ ပြုလုပ်မယ်

  • 12 ဒီဇင်ဘာ 2016
Image caption ရိုဟင်ဂျာ ဆိုင်ရာ မူဝါဒကို နိုင်ငံရေးမှာ အသုံးချ နေရင် အာဆီယံ အတွင်း သွေးကွဲမှု တွေ ဖြစ် လိမ့်မယ်

အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံ ကြမယ့် အထူး အစည်းအဝေး တစ်ရပ်ကို မြန်မာ နိုင်ငံမှာ လာမယ့် ဒီဇင်ဘာ ၁၉ ရက် နေ့ ကျရင် ပြုလုပ်ဖို့ စီစဉ် ထားပါတယ်။

မြန်မာ နိုင်ငံတွင်း ဖြစ်ပေါ် နေတဲ့ ရခိုင် ပြည်နယ် အကြပ်အတည်း ကို အစိုးရက ဘယ်လို ကိုင်တွယ် ဖြေရှင်း နေသလဲ ဆိုတာကို အဲဒီ အစည်းအဝေးမှာ မြန်မာဘက်က ရှင်းပြ သွားမှာ ဖြစ်တယ်လို့ နားလည် ရပါတယ်။

ရခိုင် အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ ကိုယ်လိုရာ စွဲပြီး ရေးသား ပြောဆို ဝေဖန် မှု တွေ ရှိနေချိန်မှာ မြန်မာ အစိုးရရဲ့ လုပ်ဆာင်မှု တွေနဲ့ ပတ်သက်ပြီး အာဆီယံ နိုင်ငံတွေ အနေနဲ့ မှန်မှန်ကန်ကန် တိတိကျကျ သိရအောင် ရှင်းပြမှာ ဖြစ်တယ် လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးကျော်ဇေယျ က ဘီဘီစီကို ပြောပါတယ်။

ရခိုင် အရေး ကိုင်တွယ်ပုံ နဲ့ ပတ်သက်ပြီး နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အာဆီယံ အဖွဲ့ဝင် မွတ်ဆလင်မ် အများစု နိုင်ငံတွေ ဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဘရူနိုင်း နိုင်ငံတွေက သံအမတ် တွေကို ခေါ်ယူ တွေ့ဆုံ ရှင်းပြ ခဲ့ပြီး ဖြစ်တယ် လို့ ဦးကျော်ဇေယျ က ဆိုပါတယ်။

အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင် တွေက ရခိုင် ပြည်နယ် မငြိမ်မသက် ဖြစ်မှုကို ကိုင်တွယ် ထိန်းသိမ်းရာမှာ အရပ်သား ရိုဟင်ဂျာ မွတ်ဆလင်မ်တွေ ပစ်မှတ်ထား တိုက်ခိုက် ခံ နေရတယ် ဆိုတဲ့ နိုင်ငံတကာရဲ့ စွပ်စွဲ ပြောဆိုမှု တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် လာခဲ့ပါတယ်။

အာဆီယံ အဖွဲ့ဝင် နိုင်ငံ ဖြစ်တဲ့ မလေးရှားမှာ ဆိုရင် ဝန်ကြီးချုပ် နာဂျစ် ရာဇတ် ကိုယ်တိုင် ဦးဆောင်ပြီး ရိုဟင်ဂျာ အရေး မြန်မာ အစိုးရ အပေါ် ရှုတ်ချ တဲ့ ဆန္ဒပြပွဲ ပြုလုပ်တဲ့ အထိ ဖြစ်လာပါတယ်။

ဝန်ကြီးချုပ် ရာဇတ်က ဘာသာရေး ကို အခြေမခံပဲ လူသားချင်း စာနာ နားလည်တဲ့ ရှု့ထောင့်က ဆန္ဒပြရတာ လို့ ဆိုပေမယ့် ပြည်တွင်း နိုင်ငံရေး ပြဿနာ တွေ တွေ့ကြုံ နေတဲ့ မစ္စတာ ရာဇတ် အနေနဲ့ မလေးရှား မွတ်ဆလင် လူထု အကြား ထောက်ခံ မှု ရအောင် ရိုဟင်ဂျာ အရေး ကို အသုံးချ တာ ဆိုတဲ့ ဝေဖန် သုံးသပ်မှု တွေ ရှိလာ စေပါတယ်။

အာဆီယံ လူဦးရေ ၆ဝ% ဖြစ်တဲ့ သန်း ၆၃ဝ ဟာ မွတ်ဆလင်တွေ ဖြစ်နေပြီး၊ ရိုဟင်ဂျာ ဆိုင်ရာ မူဝါဒ ကိုသာ နိုင်ငံရေးမှာ အသုံးချ နေရင် အာဆီယံ အတွင်း သွေးကွဲမှု တွေ ဖြစ် လိမ့်မယ် ဆိုပြီး ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ် ၊ လုံခြုံရေးနဲ့ နိုင်ငံတကာ လေ့လာရေး ဌာနက Kavi Chongkittavon က သုံးသပ် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ