သတင်းထောက် အသတ်ခံရမှု အမှန်ပေါ်ပေါက်ရေး တိုက်တွန်း

  • 13 ဒီဇင်ဘာ 2016
Image caption မုံရွာ အခြေစိုက် အလဲဗင်း မီဒီယာ သတင်းထောက် ကိုစိုးမိုးထွန်း

မုံရွာ အခြေစိုက် အလဲဗင်း မီဒီယာ သတင်းထောက် ကိုစိုးမိုးထွန်း ကို မနေ့ညက ထိခိုက် ဒါဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရပါတယ်။

ဒီဇင်ဘာ ၁၂ရက် ညပိုင်းက အလဲဗင်းသတင်းစာရဲ့ မုံရွာအခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်းကို လူတစုက သစ်သားတုတ်နဲ့ ရိုက်ခဲ့လို့ သေဆုံးခဲ့တာ ဖြစ်ပြီး သူဟာ ညပိုင်း တယောက်တည်း အိမ်အပြန် အောင်ချမ်းသာ ရပ်ကွက်နဲ့ မြို့သစ်ရပ်ကွက်ကြား ပြည်ထောင်စုလမ်းမကြီးပေါ်ဂေါက်ကွင်းနားမှာ သတ်ခံရတဲ့အကြောင်း ည၁နာရီဝန်းကျင်မှ သိရတာ ဖြစ်ပါတယ်။

အရင်ဆုံးစ တုတ်နဲ့ ရိုက်ပြီး လဲကျမှ ခေါင်းကို ထပ်ရိုက်တာလို့ ယူဆရကြောင်းနဲ့ သေကာမှ ဆိုက်ကယ်မှောက်တဲ့ ပုံနဲ့ လုပ်ထားတာ တွေ့ရတယ်လို့ မုံရွာမြို့မစခန်းမှူး ဒုရဲမှူးသိန်းဆွေမြင့်ကပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မျက်မြင် သက်သေ မရှိသလို အနားမှာတော့ သူ့ကို ရိုက်ထားတဲ့ တုတ်ကို တွေ့ရတယ်လို့ ဒုရဲမှူးက ဆိုပါတယ်။

အခုတော့ မှုခင်း ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းကာ အမှုမှန် အမြန်ပေါ်ပေါက်ဖို့ အပူတပြင်းဆောင်ရွက်နေပါတယ်လို့ မုံရွာမြို့မ စခန်းမှူး ဒုရဲမှူးသိန်းဆွေမြင့်ကပြောပါတယ်။

မုံရွာမြို့ခံ သတင်းထောက်တွေ ကတော့ ကိုစိုးမိုးထွန်းဟာ သစ်ခိုးဂိုဏ်းတွေရဲ့ သတင်းတွေကို ရေးခဲ့သလို ကေတီဗီဆိုင်တွေ ထပ်မတိုးဖို့ သက်ဆိုင်ရာကို တိုင်ကြားခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။

သူဟာ ရန်ငြိုး ရန်စ မရှိသူ ဖြစ်ပြီး သူ့ကို အငြိုးနဲ့ စနံစ် တက် သတ်တာလို့ ထင်ကြောင်း ကာယကံရှင်တွေ ဖြစ်တဲ့ ကိုစိုးမိုးထွန်း အမေက ပြောကြောင်း မုံရွာမြို့ကိုရောက်နေတဲ့ အလဲဗင်းသတင်းစာတိုက်ရဲ့ ဥပဒေအတိုင်ပင်ခံတဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးမိုးဟိန်းက ပြောပါတယ်။

မြန်မာဂျာနယ်လစ်ကွန်ရက်ကလည်း ကိုစိုးမိုးထွန်း သတ်ခံရတာနဲ့ပတ်သက်ပြီး အစိုးရတာဝန်ရှိသူများအနေနဲ့ ပြည်သူများလုံခြုံရေးအတွက် ယခုထက်ပိုပြီးဆောင်ရွက်ဖို့နဲ့ ကိုစိုးမိုးထွန်းအသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး အမြန်ဆုံး အားထုတ် ကြိုးပမ်းပေးဖို့ တိုက်တွန်း ထုတ်ပြန်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ