ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အစိုးရကို UNFC ဝေဖန်

  • 13 ဒီဇင်ဘာ 2016
Image caption စစ်တပ်က ထိုးစစ် အရှိန်မြှင့်တာကို အစိုးရက မဟန့်တား ခဲ့ဘူးလို့ UNFC ဝေဖန်

မြန်မာ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရ အပေါ် အပြင်းအထန် ဝေဖန် ထားတဲ့ စာတစ်စောင် ကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC က ထုတ်ပြန် လာပါတယ်။

အားလုံး ပါဝင် မှု မရှိတဲ့၊ တနိုင်ငံလုံး အတိုင်းအတာ မဆောင်တဲ့ NCA အပစ်ရပ် သဘောတူ စာချုပ် ကို NLD ဦးဆောင်တဲ့ အစိုးရက အမွေဆက်ခံပြီး၊ စစ်တပ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တချို့ကို မြေပြင်နဲ့ ဝေဟင် ကနေ တိုက်ပွဲရှိန် မြှင့် ပြီး ထိုးစစ် ဆင်နေတာ ကိုလည်း ကိုင်တွယ် ဖြေရှင်းဖို့ ပျက်ကွက် နေတယ် လို့ UNFC ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြ ထားပါတယ်။

အထူး သဖြင့် ကချင် ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသတွေမှာ စစ်တပ်က ၂ဝ၁၆ ဩဂုတ်လက စပြီး ထိုးစစ် အရှိန် မြှင့် လာတာကို အစိုးရ အနေနဲ့ ဟန့်တား ခဲ့ခြင်း မရှိဘူးလို့ ပြစ်တင် ထားပါတယ်။

ပြည်သူ လူထု တစ်ရပ်လုံးက NLD ဦးဆောင်တဲ့ အစိုးရသစ် အပေါ်မှာ မျှော်လင့်ချက် ကြီးကြီး ထားခဲ့သလို၊ တိုင်းရင်းသား လက်နက်ကိုင် တွေ ဘက်ကလည်း မျှော်လင့် ချက် ထားခဲ့ ပေမယ့် လက်တွေ့ မြေပြင် တိုက်ပွဲတွေ ဆက်လက် ပေါ်ပေါက် ခဲ့ပြီး စားပွဲဝိုင်း တွေ့ဆုံ ဆွေးနွေးပွဲ တွေ အရာမထင် ဖြစ်ခဲ့ရတယ် ဆိုပြီး UNFC အထွေထွေ အတွင်းရေးမှုး ခူးဦးရယ်က ဘီဘီစီကို ပြောပါတယ်။

တွေ့ဆုံ ဆွေးနွေးရေး မူကို UNFC က ဆက်လက် ကိုင်စွဲထားပေမယ့် လောလောဆယ် မှာတော့ တွေ့ဆုံမယ့် ရက် ညှိနှိုင်းနေတာ အဆင်မပြေ သေးဘူး လို့ ခူးဦးရယ်က ဆိုပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တချို့ကို ရှမ်းပြည်နယ် လွှတ်တော် ထဲမှာ အကြမ်းဖက် အဖွဲ့အစည်း တွေ အဖြစ် ဆုံးဖြတ် လာတဲ့ အထိ ပြုမူ လာတာဟာ NLD အစိုးရက ကြိုးပမ်း နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ရည်ရွယ်ချက် ရှိရှိ ဖျက်ဆီး တာပဲ ဆိုပြီး ရေးသား ထားတဲ့ UNFC ရဲ့ ကြေညာချက် အပေါ် အစိုးရနဲ့ စစ်တပ်ဘက်က တုံ့ပြန် တာမျိုးတော့ မတွေ့ရ သေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ