အမျိုးသား နိုင်ငံရေး ဆွေးနွေးပွဲတွေ မလုပ်နိုင်သေး

  • 15 ဒီဇင်ဘာ 2016
Image caption UNFC အထွေထွေ အတွင်းရေးမှူး ခူးဦးရယ်

ဖေဖော်ဝါရီလမှာ ထပ်မံကျင်းပဖို့အစိုးရစီစဉ်ထားတဲ့ ၂၁ ရာစုပင်လုံညီလာခံမှာ တင်ပြမယ့် အချက်အလက်တွေကို စုစည်းဖို့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို ဒီဇင်ဘာလဆန်းမှာ စတင် ကျင်းပမယ်ဆိုပြီး အောက်တိုဘာ လကုန်ပိုင်းက ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မီတီ UPDJC အစည်းအဝေးမှာ သဘောတူခဲ့ကြပါတယ်။

ဒါပေမယ့် အခုချိန်ထိ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပနိုင်သေးပါဘူး။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို တချို့ ဒေသမှာ စတင်ဖို့ လုပ်ဆောင်ခဲ့ပေမဲ့ ကြီးကြပ်မှုကော်မတီ မဖွဲ့နိုင်တဲ့အတွက် အခုချိန်ထိ မကျင်းပနိုင်တာဖြစ်တယ်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC အဖွဲ့ဝင် ဦးခွန်မောင်သောင်းက ပြောပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှု ကော်မတီကို အစိုးရ၊ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသားလက်နက် ကိုင် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာပါ။ အစိုးရအဖွဲ့မှာတော့ တပ်မတော်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်ပါတယ်။ ဒါပေမယ့် အခုချိန်ထိ အစိုးရဖက်က သူတို့ကိုယ်စားလှယ်တွေ မပေးနိုင်သေးဘူးလို့ တိုင်းရင်းသားခေါင်းဆောင် တချို့က ပြောပါတယ်။

အခုချိန်ထိ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပနိုင်တဲ့အတွက် ဖေဖော်ဝါရီလမှာ ကျင်းပမဲ့ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးမှာလည်း အခက်အခဲတွေ ရှိလာနိုင်တယ်လို့ UPDJC အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး စိုင်းကျော်ညွန့်က ပြောပါတယ်။

ပင်လုံညီလာခံမှာ ဘာတွေ ဆွေးနွေးမှာလည်း ဘယ်လိုအစီအစဉ်နဲ့ လုပ်မှာလဲ ဆိုတာတွေ မရှင်းလင်းသေးတဲ့ အပြင် အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေ အရေးလည်း ရှိနေတာမို့ တစ်လ နှစ်လ နောက်ဆုတ်ပြီးမှ ကျင်းပရင် မကောင်းဘူးလားလို့ သူတွေးမိကြောင်း စိုင်းကျော်ညွန့်က ဆိုပါတယ်။

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို တိုင်းရင်းသားတွေဘက်က ပြည်နယ် နဲ့ တိုင်းဒေသကြီး ၁၄ ခုနဲ့ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ၁၅ ခုမှာ ကျင်းပဖို့ တင်ပြထားပေမဲ့ တပ်မတော်ဖက်က တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ နေပြည်တော်မှာသာ ကျင်းပဖို့ သဘောထားပေးထားပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သဘာဝသယံဇာတ စတဲ့ ကိစ္စတွေဆွေးနွေးဖို့စီစဉ်ထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ