အပစ်အခတ်ရပ်စဲနိုင်ရေး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ဖို့အဆို ပယ်ချခံရ

  • 16 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption လက်ရှိအစိုးရဟာ ဥပဒေနဲ့အညီ ဆောက်ရွက်နေတဲ့ အစိုးရဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချခံရတာလို့ ဦးမိုင်းဝင်းထူးက ပြော

ဒုတိယအကြိမ် ပင်လုံညီလာခံမှာ အားလုံးပါဝင်တက်ရောက်ပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာ အတူတကွ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီးဆောင်ရွက်ပေးဖို့ အရေးကြီးအဆိုကို တအာင်း ပလောင်ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်မှာ တင်သွင်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

လက်ရှိအစိုးရဟာ ဥပဒေနဲ့အညီ ဆောက်ရွက်နေတဲ့ အစိုးရဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချခံရတာလို့ ဒီအဆိုကို တင်ပြခဲ့တဲ့ တအာင်း ပလောင်ပါတီက နမ့်စန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုင်းဝင်းထူးက ဘီဘီစီကို ပြောပါတယ်။

အစိုးရအဖွဲ့ အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးပါဝင်ဖို့လိုတယ်လို့ ပြောဆိုနေပေမယ့် လက်တွေ့မှာ အားလုံးပါဝင်ဖို့ အခက်အခဲတွေရှိနေတဲ့အတွက် ဒီအရေးကြီး အဆို ကိုတင်ရတာဖြစ်ပြီး အခုလို ပယ်ချခံရတဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်အခွင့်အရေး ဆုံးရှုံးရတယ်လို့လည်း သူက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက အစိုးရနဲ့ တိုင်းရင်သားတပ်တွေ တိုက်ပွဲပြင်းထန်လာနိုင်တဲ့ အရိပ်အယောင်တွေ တွေ့နေရတဲ့အတွက် ဒီတိုက်ပွဲတွေ ပိုပြီး ပြင်းထန်မလာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဦးစိုင်းဝင်းထူးက အခုလို အဆိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။

အခုလို ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အဆိုတင်ခွင့်မရတာဟာ လွှတ်တော်က အစိုးရကို အကာအကွယ်ပေး သလိုဖြစ်နေပြီး အရေးကြီးတဲ့အဆိုတွေကို လွှတ်တော်က အတည်ပြုပေးသင့်တယ်လို့ ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဘီဘီစီကို ပြောပါတယ်။

NLD ပါတီက ဦးဆောင်တဲ့လွှတ်တော်မှာ ရှမ်းမြောက်ဒေသမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ကျားခေါင်းပါတီဘက်က အဆိုတင်ခွင့်မရသလို ရခိုင်ပြည်နယ်မောင်တောအရေးနဲ့ ပတ်သက်ပြီးတော့လည်း အဆို တင်ခွင့်မရတာတွေရှိခဲ့ပြီး အဆိုအတော်များများကို မှတ်တမ်းအနေနဲ့ပဲ ထားဖို့ ဆုံးဖြတ်လိုက်တဲ့ အဆို အရေအတွက်က အများစု ဖြစ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ