ဂိဒေါင်က အပြင်းအထန် တိုက်နေတဲ့ ကေအိုင်အေ တပ်စခန်းကျ

  • 17 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် HKUN LAT
Image caption လှုပ်ရှားစစ်ဌာနချုပ် ဘက်ကို ကေအိုင်အေ တပ်ဆုတ်

ဂိဒေါင်က ကေအိုင်အေ တပ်စခန်းကို ၄ လ ကြာ အစိုးရစစ်တပ်က ဝန်းရံ တိုက်ခိုက်နေ ရာမှာ သောကြာနေ့က ကေအိုင်အေ က တပ်ဆုတ်ပေးလိုက် ရတယ်လို့ ကေအိုင်အေဘက်က ဘီဘီစီကို ပြောပါတယ်။

အစိုး ဘက်က တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ လက်နက်ကြီးတွေ သုံးပြီး တိုက်လို့ တပ်ဆုတ်ပေးလိုက်ရတာလို့ ဆိုပါတယ်။

ကေအိုင်အေ ဘက်က ၉ ယောက် ကျဆုံးပြီး ထိခိုက် ဒဏ်ရာရသူ ၅ ယောက်လောက် ရှိတယ် လို့လည်း ဆိုပါတယ်။

အစိုးရ ဘက်က အကျအဆုံးကို မသိရသေးပါဘူး။

စနေနေ့မှာ ဆက်ပြီး တိုက်ပွဲဖြစ်တာ မရှိဘဲ လှုပ်ရှားစစ်ဌာနချုပ် ဘက်ကို ကေအိုင်အေက တပ်ဆုတ် ထားတယ်လို့ သိရပါတယ်။

လိုင်ဇာဘက်ကိုလည်း သောကြာနေ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိပေမယ့် စိုးရိမ်စရာ မရှိဘူး လို့ ကေအိုင်အေ အရာရှိ တယောက်က ပြောပါတယ်။

တရုတ်ပြည် သွားတဲ့ လမ်းကြောင်းကို ဖြတ်တောက်ချင်လို့ ဒီလောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်သိမ်းယူတာ လို့လည်း ဆိုပါတယ်။

ကချင်နဲ့ ရှမ်းမြောက် ဒေသတွေမှာ အစိုးရနဲ့ ကေအိုင်အေကြား တိုက်ပွဲဖြစ်ပွားတာတွေလည်း မကြာခဏ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ