နိုင်ငံလူဉီးရေ ရဲ့ ၁၀ရာခိုင်နှုန်း က ရွှေ့ပြောင်းလုပ်သားများ

  • 18 ဒီဇင်ဘာ 2016
Image caption တရားဝင် အလုပ်သမား အဖြစ် မှတ်ပုံတင်ဖို့ ကျန် နေသေးတဲ့ အလုပ်သမား အများအပြားလည်း ရှိနေ

ဒီဇင်ဘာလ ၁၈ ရက်နေ့ မှာ ကျရောက်တဲ့ နိုင်ငံတကာ ရွှေ့ပြောင်း သွားလာသူများနေ့မှာ မြန်မာ နိုင်ငံ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်က ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ကြောင်း ခန့်မှန်းထားတယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးမျိုးအောင်က ပြောကြားခဲ့ပါတယ်။

မြန်မာ နိုင်ငံက ရွှေ့ပြောင်းသွားလာသူများ နဲ့ ဆိုင်တဲ့ စီစဉ်ဆောင်ရွက်မှု တစ်ခု လုပ်ဖို့ ဝန်ကြီး ဌာန အနေနဲ့ ဆောင်ရွက်လျှက်ရှိပြီး အဲဒီ အထဲမှာ ရွှေ့ပြောင်းသွားလာသူတွေကို စီမံ ပေးတာ ပါသလို၊ ကာကွယ် စောင့်ရှောက်မှု အစီအစဉ်တွေကိုလည်း ဆောင်ရွက် နေတယ်လို့ အမြဲတန်း အတွင်းဝန်က ဆိုပါတယ်။

မြန်မာ နိုင်ငံရဲ့ လူဉီးရေ က တရားဝင် သန်းခေါင်စာရင်း ကောက်ယူမှုတွေ အရ ၅၄ သန်းကျော် ရှိပြီး အဲဒီ အထဲမှာ ရွှေ့ပြောင်းသွားလာသူ က ၁၀ ရာခိုင်နှုန်း ကျော် ရှိပါတယ်။ ရွှေ့ပြောင်း အလုပ်သမားတွေဆီက နိုင်ငံတော် ဘဏ္ဍာ အဖြစ် လောလောဆယ်မှာ အခွန်အခ ရရှိတာမျိုးလည်း မရှိသေးဘူးလို့ ဉီးမျိုးအောင်က ပြောပါတယ်။

၂၀၁၂ ခုနှစ် အထိ ပြည်ပကို ထွက်ခွာ အလုပ်လုပ်ကိုင် လိုတဲ့ သူက အမေရိကန် ဒေါ်လာ တစ်ရာ နိုင်ငံတော်ကို ပေးဆောင်ပြီးမှ ထွက်ခွာ ရတာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာ အဲဒီ ကိစ္စကို ဖြေလျော့ ပေးခဲ့ပါတယ်။

ဒါပေမယ့် နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင် သူတွေက မိသားစုတွေဆီကို သူတို့ရဲ့ ဝင်ငွေတွေကို ပြန်ပို့ တဲ့ အတွက် ငွေလည်ပတ် စီးဆင်းမှုတော့ ရှိတယ်လို့ ဆိုပါတယ်။

တရားမဝင် နေထိုင်ခဲ့မှု တွေကြောင့် ပြည်ပ ထွက်ခွာ ခွင့် မရရှိတော့တဲ့ လူတွေကို သူတို့ ရဲ့ သက်ဆိုင်ရာ ကျွမ်းကျင်မှု ကို မှတ်တမ်းတင်ပြီး ကုန်သည် စက်မှု အသင်းချုပ် ကနေ တဆင့် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီး ပေးဖို့ စီစဉ်ဆောင်ရွက် နေတယ်လို့ အမြဲတန်း အတွင်းဝန် က ပြောပါတယ်။

နိုင်ငံရပ်ခြားက မြန်မာ နိုင်ငံသား တရားမဝင် အလုပ်သမား တွေကို မှတ်ပုံတင် မှုတွေ ဆောင်ရွက် ပေးနေပေမယ့် မှတ်ပုံတင်ဖို့ ကျန်နေသေးတဲ့ အလုပ်သမား အများအပြားလည်း ရှိနေပါတယ်။

မြန်မာ တရားမဝင် လုပ်သား အများစုက ညှင်းပန်း နှိပ်စက် ခံရတာတွေ၊ လုပ်ခ အပြည့်အဝ မရရှိတာတွေနဲ့ပတ်သက်လို့ လက်ရှိ အစိုးရ အနေနဲ့ ဖြေရှင်း ဆောင်ရွက် ပေးနေတယ်လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန်က ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ