ရခိုင် ပြည်နယ် အရေး အာဆီယံ အထူး အစည်းအဝေး ရန်ကုန်မှာ ကျင်းပ

  • 19 ဒီဇင်ဘာ 2016
Image caption အစိုးရ က ဘယ်လို ကိုင်တွယ် ဖြေရှင်း နေသလဲ ဆိုတာ ကို အစည်းအဝေးမှာ မြန်မာဘက် က ရှင်းပြ သွားမှာ ဖြစ်တယ်လို့ နားလည် ရ

အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံ ကြမယ့် အထူး အစည်းအဝေး တစ်ရပ် ကို ဒီဇင်ဘာ ၁၉ ရက်နေ့ ကျရင် ရန်ကုန်မြို့မှာ ကျင်းပ မှာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ အတွင်း ဖြစ်ပေါ် နေတဲ့ ရခိုင် ပြည်နယ် အကြပ်အတည်း ကို အစိုးရ က ဘယ်လို ကိုင်တွယ် ဖြေရှင်း နေသလဲ ဆိုတာ ကို အစည်းအဝေးမှာ မြန်မာဘက် က ရှင်းပြ သွားမှာ ဖြစ်တယ်လို့ နားလည် ရပါတယ်။

ရခိုင် အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ က လိုရာစွဲ ပြောဆို ရေးသား ဝေဖန်မှု တွေ ရှိနေချိန်မှာ အစိုးရ ရဲ့ လုပ်ဆောင်မှုတွေကို အာဆီယံ နိုင်ငံတွေ မှန်မှန်ကန်ကန် သိမြင် မှု ရှိအောင် ရှင်းပြဖို့ လုပ်ဆောင်တာ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် က ဘီဘီစီကို ပြီးခဲ့တဲ့ တစ်ပတ် က ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ် မောင်တော ဒေသမှာ ဖြစ်ပွား နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရ အနေနဲ့ ဘယ်လို ကိုင်တွယ် ဖြေရှင်းနေသလဲ ဆိုတာ အာဆီယံ အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေကို ရှင်းပြဖို့ မြန်မာဘက် က ဖိတ်ခေါ်ထားတဲ့ အစည်းအဝေး ကို ရန်ကုန် မြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

အဲဒီ အစည်းအဝေးကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် လည်း ဖြစ် နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်မှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာ အစိုးရ ရဲ့ ကိုင်တွယ် ပုံတွေ နဲ့ မွတ်ဆလင် တွေကို ပစ်မှတ်ထား တိုက်ခိုက် နေတယ်ဆိုတဲ့ နိုင်ငံတကာ စွပ်စွဲ ပြောဆို မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

အာဆီယံ အဖွဲ့ဝင် နိုင်ငံ ဖြစ်တဲ့ မလေးရှား မှာ ဆိုရင် ဝန်ကြီးချုပ် နာဂျစ် ရာဇတ် ကိုယ်တိုင် ဦးဆောင်ပြီး ရခိုင် အရေး မြန်မာ အစိုးရ အပေါ် ရှုတ်ချတဲ့ ဆန္ဒပြပွဲ ပြုလုပ်တဲ့ အထိ ဖြစ်လာပါတယ်။

မလေး ဝန်ကြီးချုပ်က ဘာသာရေး ကို အခြေမခံဘဲ လူသားချင်း စာနာ နားလည်တဲ့ ရှုထောင့်က ဆန္ဒပြရတာ လို့ ဆိုပေမယ့် ပြည်တွင်းမှာ နိုင်ငံရေး ပြဿနာ ကြုံတွေ့ နေရတဲ့ မစ္စတာ ရာဇတ် အနေနဲ့ မလေးရှား မွတ်ဆလင် လူထူ အကြား ထောက်ခံမှု ရအောင် ရိုဟင်ဂျာ အရေးကို အသုံးချတာ ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိပါတယ်။

အာဆီယံ လူဦးရေ ၆၀ ရာခိုင်နှုန်း ဖြစ်တဲ့ သန်း ၆၃၀ ဟာ မွတ်ဆလင် တွေ ဖြစ်နေပြီး ရိုဟင်ဂျာ ဆိုင်ရာ မူဝါဒ ကိုသာ နိုင်ငံရေးမှာ အသုံးချ နေရင် အာဆီယံ အတွင်း သွေးကွဲမှုတွေ ဖြစ်လိမ့်မယ် ဆိုပြီး ထိုင်းနိုင်ငံ ချူလာ လောင်ကွန်း တက္ကသိုလ်၊ လုံခြုံရေး နဲ့ နိုင်ငံတကာ လေ့လာရေး ဌာနက Kavi Chongkittavon က သုံးသပ် ထားပါတယ်။

အခု အစည်း အဝေး ကနေ ရိုဟင်ဂျာ ပြဿနာ ကို ရေရှည် ဖြေရှင်း နိုင်မယ့် အဖြေ တစ်ခု ထွက်လာဖို့ မြန်မာ အစိုးရ အပေါ် ဖိအားပေးဖို့ လိုအပ် တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ကြီး Human Rights Watch လက်ထောက် ဒါရိုက်တာ ဖေးလ် ရောဘတ်ဆန် က သုံးသပ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ