စစ်တပ်ဟာ လူမဆန်တဲ့ရာဇဝတ်မှု လုပ်ခဲ့တယ်လို့ AI စွပ်စွဲ

  • 19 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption စစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်ထွက်ပြေးလာသူ အနည်းဆုံး ၂၇၀၀၀ ရှိတယ်လို့ ကုလသမဂ္ဂပြော

မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အသိအမှတ်ပြုပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ကနေ တနင်္လာနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ တောင်းဆိုလိုက်ပါတယ်။

၆၂ မျက်နှာရှိတဲ့ Amnesty International ရဲ့ အစီရင်ခံစာထဲမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် စစ်တပ်ဘက်ကနေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်လို့ ဖော်ပြပါတယ်။

စစ်တပ်ဘက်က စစ်ဆင်ရေးတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတဲ့ လူကလည်း အနည်းဆုံး ၂ သောင်း ၇ ထောင်လောက် ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

အခု ကျူးလွန်မှုတွေက လူမျိုးတမျိုး၊ ဘာသာတစ်ခုအပေါ် ပစ်မှတ်ထား တိုက်ခိုက်သလို ဖြစ်တဲ့အတွက် လူမဆန်တဲ့ ရာဇဝတ်မှု (Crime Against Humanity) မြောက်နိုင်တယ်လို့ Amnesty International ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ လော်ရာ ဟေးက ပြောပါတယ်။

ဒီအဖွဲ့အနေနဲ့ မောင်တောဒေသက လူတွေကို ဖုန်းနဲ့ အင်တာဗျူးတွေ အများကြီး လုပ်ခဲ့သလို ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာသူတွေကိုလည်း မေးမြန်းတာ၊ ကျွမ်းကျင်သူတွေကိုလည်း မေးမြန်းတာတွေအပြင် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ ဂြိုဟ်တုဓာတ်ပုံတွေလည်း လေ့လာပြီးမှ ထုတ်ပြန်တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အခုနောက်ဆုံး မောင်တောကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးပိုင်းအရရော စာရိတ္တစံပြပိုင်းအနေနဲ့ပါ လူ့အခွင့်အရေးအခြေအနေတွေကို ထုတ်ဖော်ပြောဆိုဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း Amnesty International က စွပ်စွဲထားပါတယ်။

''အရပ်သားအစိုးရတရပ်ရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိလာရင် ထုတ်ဖော်ပြောဆိုမယ်ဆိုပြီး ကျွန်မတို့က မျှော်လင့်ထားတာပါ''လို့ မစ္စ ဟေးက ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူသားချင်းစာနာမှု အကူအညီတွေအတွက် ဖွင့်ပေးဖို့လည်း ကတိတင်မဟုတ်ပဲ လက်တွေ့ဖွင့်ပေးဖို့ သူက ပြောပါတယ်။