ရခိုင်အရေး အချိန်ပေးဖို့လိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော

  • 19 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ရခိုင်ဒေသအတွက် လူသားချင်းစာနာတဲ့ အကူအညီပေးဖို့ လိုတဲ့နေရာတွေကိုလည်း အာဆီယံဘက်ကို သွားခွင့်ပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီအစည်းအဝေးမှာ ပြော

ရခိုင်ပြည်နယ်အရေး ဖြေရှင်းဖို့အတွက် အချိန်နဲ့ သီးသန့်လုပ်ပိုင်ခွင့် ပေးဖို့လိုကြောင်း တနင်္လာနေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

ရခိုင်ဒေသအတွက် လူသားချင်းစာနာတဲ့ အကူအညီပေးဖို့ လိုတဲ့နေရာတွေကိုလည်း အာဆီယံဘက်ကို သွားခွင့်ပေးမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီအစည်းအဝေးမှာ ပြောဆိုထားပါတယ်။

ဒီအစည်းအဝေးဟာ ရိုဟင်ဂျာတွေကို လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ အိမ်နီးချင်းအာဆီယံနိုင်ငံတချို့ရဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာအပြီးမှာ ပထမဆုံး ခေါ်ယူတဲ့ အစည်းအဝေးဖြစ်ပြီး ဒီအစည်းအဝေးမှာ ရိုဟင်ဂျာကိစ္စဟာ ဒေသတွင်း ပြဿနာ ဖြစ်မလာဖို့ ဝိုင်းဝန်း အဖြေရှာ ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်ဘက်က အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က အာဆီယံဘက်ကို ပုံမှန် သတင်းထုတ်ပြန်ပေးဖို့နဲ့ အဲဒီဒေသမှာ အာဆီယံနိုင်ငံတွေဘက်က လူသားချင်းစာနာတဲ့ အကူအညီပေးဖို့ ကိစ္စတွေ သဘောတူနိုင်ခဲ့တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး အက်တနို မာဆူဒီက ပြောပါတယ်။

အခုလို မြန်မာနိုင်ငံက အာဆီယံကနေ အကူအညီတွေယူတာနဲ့ ပတ်သက်ပြီး အာဆီယံ တနိုင်ငံချင်းဆီက ပေးတာမျိုးပဲ ဖြစ်ဖို့များတယ်လို့ အာဆီယံ နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။

အာဆီယံအရေးကို လေ့လာသုံးသပ်နေတဲ့ ဧရာဝတီသတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုအောင်ဇော်ကတော့ မြေပြင်အခြေအနေမှန်သိဖို့အတွက် မြန်မာအစိုးရအနေနဲ့ သတင်းတွေကို အမှန်အတိုင်း ထုတ်ပြန်ဖို့ လိုသလို သတင်းဌာနတွေကို လွတ်လွတ်လပ်လပ် လိုက်ပါ သတင်းယူခွင့် ပေးသင့်တယ်လို့ ပြောပါတယ်။

လောလောဆယ် ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က ဒေသတွေမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အထူးလိုအပ်နေပြီး ဒီအကူအညီတွေကို ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေလည်း ရှိပါတယ်။

အစည်းအဝေးတက်ရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ ဒီဆွေးနွေးပွဲမှာ ထဲထဲဝင်ဝင် သဘောတူညီချက် မရခဲ့ဘူးလို့ မှတ်ချက်ပေးခဲ့ပြီး ဒီပြဿနာဟာ အင်မတန်ရှုပ်ထွေးလို့ အချိန်ယူဖြေရှင်းရမယ်လို့ ပြောပါတယ်။

အခုလို အာဆီယံတနိုင်ငံရဲ့ ပြဿနာကို အာဆီယံတဖွဲ့လုံးက ဆွေးနွေးတာမျိုးဟာ အာဆီယံဒေသတွင်း ရှားပါးတဲ့ ဖြစ်စဉ်တခု ဖြစ်ပါတယ်။

ဒီအစည်းအဝေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုတွေ လုပ်ခဲ့တဲ့အတွက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဘက်က ကျေနပ်မှု ရှိတယ်လို့ သိရပါတယ်။

အစည်းအဝေးအပြီးမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြားတွေ့ဆုံခဲ့ပြီး တနင်္လာနေ့ ညနေပိုင်းမှာပဲ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့လည်း ရခိုင်ပြည်နယ်အရေးကိစ္စ ဆွေးနွေးဖို့ အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ