အမရပူရ တရားရုံးက သက်သေမခိုင်လုံဘဲ ပြစ်ဒဏ်ချတာလို့ စွပ်စွဲ

  • 20 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption အမရပူရ တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်သူများ

ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော်နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီး ခံထားရတဲ့ ဗန်းမော်နဲ့ မန္တလေးမြို့က အစ္စလာမ် ဘာသာဝင် သုံး ယောက်ကို ဒီဇင်ဘာလ ၂၀ ရက်နေ့က အမရပူရ မြို့နယ် တရားရုံးက ထောင်ဒဏ် သုံး နှစ်ချ လိုက်ပါတယ်။

ထောင်ချ ခံရသူတွေ ကတော့ မန္တလေးက ပန်းချီဆရာ ဦးဇော်မင်းထွေး ဗန်းမော်မြို့က ဦးမြင့်သိန်းနဲ့ ဦးဧရာမန်းတို့ ဖြစ်ကြပါတယ်။

အစ္စလာမ် တပ်မတော် ထူထောင်ဖို့ ကေအိုင်အေနဲ့ ဆက်သွယ်တယ် ဆိုပြီး မတရားသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ၂၀၁၄ ခုနှစ်က သူတို့ အရေးယူ ခံရတာ ဖြစ်ပါတယ်။

ထောင်ဒဏ် ချခံ ရသူတွေ ကတော့ သူတို့ အမှုမှာ တရားလိုဖြစ်တဲ့ စစ်ဖက်ဆိုင်ရာ လုံခြုံရေး အဖွဲ့က တင်တဲ့ သက်သေတွေ ခိုင်လုံမှု မရှိဘူးလို့ ဆို ပါတယ်။

သူတို့က ဘာသာခြားတွေ ဖြစ်လို့ တရားသူကြီး တွေက လွတ်လွတ် လပ်လပ် တရား စီရင် ပိုင်ခွင့် မရှိဘူးလို့ မြင်ကြောင်းနဲ့ ဖြစ်စဉ် တစ်ခုတည်းကို ပုဒ်မ ငါးခု ခွဲပြီး အမှုစွဲထားတာ ဖြစ်တယ်လို့ ထောင်ဒဏ် အပြစ်ပေးခံရတဲ့ ဦးဇော်မင်းထွေးနဲ့ ဦးဧရာမန် တို့က ပြောပါတယ်။

ပြစ်ဒဏ် အမိန့် ချမှတ် လိုက်တဲ့ အမရပူရ မြို့နယ် တရားရုံးရဲ့ ပြန်ကြားရေး အရာရှိ တွဲဖက် မြို့နယ် တရားသူကြီး ဦးထွန်းနိုင်ထွေး ကတော့ မြန်မာ နိုင်ငံမှာ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် ရှိကြောင်းနဲ့ ဘာသာတူတာ မတူတာကို မကြည့်ဘဲ အပြစ် ရှိသူကို ပြစ်ဒဏ် ချမှတ်တာသာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

အခု ချမှတ်လိုက်တဲ့ ထောင်ဒဏ် သုံးနှစ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်က နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ၊ အရေးပေါ် စီမံချက် ပုဒ်မ တို့နဲ့ ချမှတ်ခဲ့တဲ့ ထောင်ဒဏ် ၅နှစ်နဲ့ တပေါင်းတည်း ကျခံစေဖို့ အမိန့်မှာ ပါတဲ့ အတွက် ဒီစီရင်ချက်ဟာ ဥပဒေကြောင်း အရ မျှတတယ် လို့လည်း ဦးထွန်းနိုင်ထွေးက ပြောပါတယ်။

အခု စီရင်ချက် ချပြီးသွားကြသူတွေဟာ အိုးဘိုထောင်မှာ ၂၀၁၄ ခုနှစ် ကတည်းက ဖမ်းဆီး ခံထားရတာ ဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၂၂ ရက် နေကျရင် မန္တလေး ခရိုင်တရားရုံးမှာ စွဲဆိုထားတဲ့ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ နဲ့လည်း စီရင်ချက် ချမှတ်ခံ ရဦးမှာ ဖြစ်ပါတယ်။

အဲဒီ ပုဒ်မနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ရင်တော့ ထောင်ဒဏ် တသက် ဒါမှမဟုတ် သေဒဏ် အထိ ကျခံရ နိုင်ဖွယ် ရှိပါတယ်။

ကေအိုင်အေနဲ့ ဆက်သွယ်တယ် ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ တရားစွဲဆို ခံရပြီး စီရင်ချက် ချခဲ့တာ ဖြစ်ပေမဲ့ ကေအိုင်အေ ဘက်ကတော့ တစုံတရာ မှတ်ချက် ပေးတာမျိုး မတွေ့ရ ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ