သတင်းထောက်တွေ မောင်တောကို သွားခွင့်ရ

  • 21 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် MOI Webportal Myanmar
Image caption မောင်တောဒေသကို ရောက်သွားတဲ့ သတင်းထောက်တွေ ဒေသခံတွေနဲ့ မေးမြန်း

အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင် မောင်တော ဒေသကို ပြန်ကြားရေး ဝန်ကြီးဌာန အစီအစဉ်နဲ့ အစိုးရမီဒီယာ၊ ပြည်တွင်း အခြေစိုက် နိုင်ငံခြား သတင်းဌာန တချို့နဲ့ ပြည်တွင်း ဂျာနယ် တချို့က သတင်းထောက်တွေ သွားရောက် နေကြ ပါတယ်။

ဒီဇင်ဘာလ ၂၀ ရက်နေ့က ဘူးသီးတောင်ကို သွားခဲ့ကြပြီး ၂၁ ရက်နေ့မှာ မောင်တော ဒေသက ကျေးရွာတွေကို သွားခဲ့ကြပါတယ်။ ၂၂ ရက်နေ့ ကတော့ သူတို့ ခရီးစဉ် နောက်ဆုံးနေ့ ဖြစ်ပါတယ်။

အခုလို သတင်းထောက် တွေကို ရွေးချယ် ခေါ်ယူသွားပုံနဲ့ ပတ်သက်ပြီးလည်း ဝေဖန်မှုတွေ ရှိနေ ပေမယ့် ပြန်ကြားရေး ဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးမြင့်ကျော် ကတော့ လုံခြုံရေး၊ သွားလာရေး အခြေအနေ တွေကြာင့် အခုလို ပထမဆုံး အသုတ် ခရီးစဉ်ကို စီစဉ်ခဲ့ရတာ ဖြစ်ပြီး နောက်ပိုင်းမှာ နောက်ထပ် သတင်း သမားတွေ ပို့ပေး သွားမယ်လို့ ပြောပါတယ်။

မောင်တောက ရွာတွေမှာ မီးလောင်ထားတဲ့ နေရာတွေ အများကြီး တွေ့ခဲ့ရတယ်လို့ လိုက်ပါ သွားသူ သတင်းထောက် တစ်ယောက် ဖြစ်တဲ့ EPA သတင်းဌာနက သတင်းထောက် ကိုငြိမ်းချမ်းနိုင်က ဘီဘီစီကို ပြောပါတယ်။

အာဏာပိုင်တွေက သတင်းထောက်တွေ သွားချင်တဲ့ နေရာတွေကို လိုက်ပို့ ပေးသလို သူတို့ ပြချင်တဲ့ နေရာတွေ ကိုလည်း ခေါ်သွား ခဲ့တယ်လို့ သူက ပြောပါတယ်။

စွပ်စွဲ ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့တဲ့ ဖြစ်စဉ်တွေ ဖြစ်ခဲ့တဲ့ နေရာတွေကို သတင်းထောက် တွေက သွားလိုကြတာ ဖြစ်ပြီး မီးလောင်ထားတဲ့ နေရာတွေကို သွားတဲ့ အခါမှာ မီးရှို့ ခံထားရတာ သေချာတယ်လို့ မြင်တွေ့ ခဲ့ရကြောင်း သတင်းထောက် ကိုငြိမ်းချမ်းနိုင်က ပြောပါတယ်။

ဒါပေမဲ့ သူတို့ အနေနဲ့ ဘယ်သူက ရှို့တယ် ဆိုတာကိုတော့ မပြောနိုင်ဘူးလို့လည်း ဆိုပါတယ်။

သတင်းထောက်တွေရောက်ခဲ့တဲ့ရွာတွေထဲမှာ ငါးခူရ ရွာအပြင် ကျီးကန်းပြင်၊ ပြောင်ပိုက်နဲ့ ကြိမ်ချောင်း ရွာတို့လည်း ပါဝင်ပါပြီး အဲဒီရွာတွေက ဒေသခံ တွေနဲ့ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

မေးမြန်း ခဲ့ကြတဲ့ ဒေသခံ တွေကတော့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ အပြီးမှာ သူတို့အတွက် သွားရေး လာရေးနဲ့ ရောင်းဝယ် ဖောက်ကားမှု တွေမှာ အခက်အခဲတွေ ရှိနေကြောင်းနဲ့ အရင်လို အခြေ အနေမျိုး ပြန်ရောက် ချင်တယ်လို့ ပြောကြကြောင်း ကိုငြိမ်းချမ်းနိုင်က ပြန်ပြော ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ