တရားသောစစ် ဆန္ဒ ဖော်ထုတ်ပွဲနဲ့ ကြံ့ခိုင်ရေး ပါတီ

  • 22 ဒီဇင်ဘာ 2016
Image caption တရားသောစစ် အောင်မြင်စေကြောင်း ဆန္ဒဖော်ထုတ်ပွဲ

တိုင်းရင်းသား နယ်မြေတွေမှာ တပ်မတော်က ထိုးစစ်ဆင်နွှဲနေတာတဲ့ အပေါ် မြန်မာ့ တပ်မတော်နဲ့ တရားသောစစ် အောင်မြင်စေကြောင်း ထောက်ခံပွဲကို မိတ္ထီလာမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီလို ထောက်ခံ ဆန္ဒပြပွဲတွေမှာ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက မြို့နယ် ဥက္ကဌ ၊ အတွင်းရေးမှူးနဲ့ ပါတီ၀င်တွေလည်း တက်ရောက်လာတာ တွေ့ရပါတယ်။

ပါတီဝင်တွေက သူတို့ သဘော ဆန္ဒအရ တက်ရောက်ကြတာ ဖြစ်တယ် ၊ ပါတီက လမ်းညွှန်ချက် သို့မဟုတ် အမိန့်ပေး ညွှန်ကြားချက်နဲ့ တက်ရောက်တာ မဟုတ်ဘူးလို့ ပါတီ ပြောခွင့်ရသူ ဦးပိုက်ထွေးက ပြောပါတယ်။

အငြင်းပွားဖွယ် ဖြစ်တဲ့ ဒီဆန္ဒ ထုတ်ဖော်ပွဲကို ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ အတွင်းရေးမှူးတွေ တက်ရောက်တာဟာ မတည်ငြိမ်မှုကို စေ့ဆော် ဖန်တီးသလို မဖြစ်ဘူးလား ဆိုတဲ့ အပေါ် ဦးပိုက်ထွေး က ဒါဟာ လူတယောက်ချင်းစီရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့် ၊ ဆုံးဖြတ်ခွင့်နဲ့ သူတို့ရဲ့ လုပ်ပိုင်ခွင့် အရ လုပ်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

တရားသောစစ် အောင်မြင်စေကြောင်း ဆန္ဒ ထုတ်ဖော်ပွဲတွေက အန္တရာယ် ကင်းစွာနဲ့ လူထု ထိခိုက် နှောက်ယှက်မှု မရှိအောင် သဘောထား ထုတ်ဖော်တာ ဖြစ်တဲ့ အတွက် ငြိမ်းချမ်းမှုကို ထိခိုက်စေမှာ မဟုတ်ဘူးလို့လည်း ဦးပိုက်ထွေး က ရှင်းပြခဲ့ပါတယ်။

အလားတူ ဆန္ဒထုတ်ဖော်ပွဲကို ရန်ကုန်မြို့မှာလဲ ဒီဇင်ဘာ ၁၈ရက်နေ့က ကျင်းပခဲ့ပြီး ဆန္ဒပြသူတွေက တိုင်းရင်းသား ၀တ်စုံတွေ ၀တ်ဆင်တာနဲ့ ပတ်သက်လို့ ဝေဖန် ငြင်းခုန်မှုတွေ ရှိခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ