မွတ်ဆလင် ၄ ဦး နိုင်ငံတော် ပုန်ကန်မှုနဲ့ ထောင်တစ်သက် အပြစ်ကျ

  • 22 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption အစ္စလာမ် တပ်မတော် ထူထောင်ဖို့ ကြိုးပမ်းတယ် လို့ စွပ်စွဲ ခံကြရသူတွေကို နိုဝင်ဘာလက ရုံးထုတ်ခဲ့စဉ်

မန္တလေးက ပန်းချီဆရာ ဦးဇော်မင်းထွေး ဗန်းမော်မြို့က ဦးမြင့်သိန်းနဲ့ ဦးဧရာမန်းနဲ့ မိုးညှင်းက ဦးခင်မောင်ရွှေ တို့ကို ကေအိုင်အေနဲ့ ဆက်သွယ်ပြီး အစ္စလာမ် တပ်မတော် ထူထောင်ဖို့ ကြိုးပမ်းတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတော် ပုန်ကန်မှု ဥပဒေ အရ မန္တလေး ခရိုင် တရားရုံးက ဒီဇင်ဘာလ ၂၂ ရက် နေ့က ထောင်ဒဏ် တစ်သက် ချမှတ်လိုက်ပါတယ်။

မကြာသေးခင်ကပဲ သူတို့ကို အမရပူရ တရားရုံးက နိုင်ငံတော် အကြည်ညို ပျက်စေမှုပုဒ်မနဲ့ ထောင်ဒဏ် ၅နှစ် ၊ မတရား အသင်း ဆက်သွယ်မှု ပုဒ်မနဲ့ ထောင် ၃နှစ် အရေးပေါ်စီမံချက် ဥပဒေ တွေနဲ့ ထောင်ဒဏ်၂နှစ် ချခံခဲ့ရပြီး ၃ မှု ပေါင်းကို တပေါင်းတည်း ၅နှစ် ကျခံ စေဖို့ ဆုံးဖြတ် ခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ အခု ချမှတ်လိုက်တဲ့ ထောင်ဒဏ် တစ်သက် ပြစ်ဒဏ်ဟာ အမြင့်ဆုံး ထောင်ဒဏ် အနှစ် ၂၀ အထိ ကျခံရ နိုင်တာဖြစ်ပြီး အရင်က ချမှတ် ထားတဲ့ ပြစ်ဒဏ် တွေနဲ့ သီးခြားစီ ဖြစ်တယ်လို့ အပြစ်ချခံရသူ တွေထဲက တစ်ယောက် ဖြစ်တဲ့ ပန်းချီဆရာ ဦးဇော်မင်းထွေးက ပြောပါတယ်။

တရားရုံးကို တရားလိုဘက်က လာရောက် အစစ်ခံ သူက သူ့အနေနဲ့ စွပ်စွဲခံရသူ တွေကို မသိကြောင်း၊ မမြင်ဖူး ကြောင်းနဲ့ အထက် အမိန့်ကြောင့်သာ လာရတာလို့ တရားဝင် ထွက်ဆိုချက် ရှိထားပြီး တပ်မတော် စစ်ဖက် ရေးရာ လုံခြုံရေး အဖွဲ့ စရဖ က ဗိုလ်မှူး အာကာထွန်းဦး ကိုယ်တိုင် ကလည်း အလားတူ ပြောထားပေမဲ့ ဒါတွေကို တရားရုံးက ထည့်သွင်း စဉ်းစားခြင်း မရှိဘူး လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် မတရားသင်း သတ်မှတ်ခံရဆဲ ဖြစ်တဲ့ ကေအိုင်အေ အဖွဲ့နဲ့လည်း သူတို့ ဆက်သွယ်မှု မရှိဘူးလို့ ဦးဇော်မင်းထွေးက ပြောပါတယ်။

ထောင်ဒဏ် တစ်သက် အပြစ်ပေးတာဟာ မတရားဘူးလို့ လည်းသူက ပြောပါတယ်။

မြန်မာ နိုင်ငံသား အစ္စလာမ် ဘာသာဝင် တွေဟာ ပြည်တွင်းမှာ လုံခြုံမှု မရှိဘဲ ဥပဒေအရ အကာအကွယ် မရဘူးလို့လည်း သူက ပြောပါတယ်။ တပ်မတော် အနေနဲ့လည်း သူတို့ အပေါ် အစ္စလာမ် ဘာသာဝင်တွေ အပေါ် အမြင် မကြည်လင် ဖြစ်နေတဲ့ အတွက် အမြင် ကြည်လင်ဖို့ ဦးဇော်မင်းထွေးက ပြောပါတယ်။

ဖြစ်ရပ် တစ်ခုကို ပုဒ်မ ၅ မျိုးတပ် အမှုဖွင့်တာ ဖြစ်ပြီး တရားဥပဒေ စိုးမိုးရေး ကြွေးကြော်လာတဲ့ NLD အစိုးရ လက်ထက်မှာ အခုလို မဖြစ်သင့်ကြောင်း လည်း ဦးဇော်မင်းထွေးက ပြောပါတယ်။

လာမယ့် ဇန်နဝါရီလ ၅ ရက်နေ့မှာလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ စွဲဆို ထားတဲ့ အမှုကို ထပ်မံရင်ဆိုင်ရ ဦးမှာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ