သတင်းသမား တွေနဲ့ တွေ့ခဲ့အပြီး ငါးခူရရွာသား အသတ်ခံရ

  • 23 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် Shwe Innthar Khin Mg Win
Image caption သတင်းထောက်တွေ ရောက်စဉ် တွေ့ခဲ့တဲ့ ငါးခူရ ရွာသားများ

အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင် မောင်တော ဒေသကို အစိုးရ အစီအစဉ်နဲ့ သွားရောက်ခဲ့တဲ့ သတင်းထောက်တွေ မေးမြန်းတာကို ဖြေပေးခဲ့သူ ငါးခူရ ရွာက မွတ်ဆလင် အမျိုးသား ဦးဒုမာမက် ခေါ် ဦးရှုနာမြာ အသတ် ခံခဲ့ရ ပါတယ်။

သူ့ကို သတင်းမီဒီယာသမားတွေ က ဒီဇင်ဘာလ ၂၁ ရက်နေ့က မေးမြန်းခဲ့ ကြပြီး နောက် တစ်နေ့မှာ ပျောက်သွားတယ် ဆိုတဲ့ သတင်း ကြားရပြီးနောက် ဒီဇင်ဘာလ ၂၃ ရက်နေ့က ခေါင်းဖြတ် သတ်ခံထားရတဲ့ အလောင်း တွေ့ရကြောင်း ဒေသခံ ရဲတွေက ပြောကတယ်လို့ အဲဒီလူကို မေးမြန်း ရာမှာ ပါတဲ့ EPA သတင်းဌာနက သတင်းထောက် ကိုငြိမ်းချမ်းနိုင်က ပြောပါတယ်။

သတင်းထောက်တွေနဲ့ တွေ့ဖို့ စီစဉ် ပေးထားသူတွေ မလာ ကြတဲ့ အတွက် အဲဒီလူက ရပ်မိရပ်ဖ အနေနဲ့ သတင်း သမားတွေကို လာတွေ့ခဲ့တာ ဖြစ်တယ်၊ မေးချင်တာတွေ အားလုံးလည်း မေးခွင့် ရခဲ့တယ်လို့ ကိုငြိမ်းချမ်းနိုင်က ပြောပါတယ်။

ငါးခူရ ရွာ ရဲကင်းတိုက်ခိုက်မှုကို ဘယ်သူလုပ်တာလဲလို့ အဲဒီလူကို သတင်းသမားတွေက မေးခဲ့ ရာမှာ အပြင်က လူတွေ သာမက ရွာထဲက လူတွေလည်း ပါကြောင်း ၇ ယောက်မှာ ရွာထဲက နှစ်ယောက်လောက် ပါတဲ့ သဘောမျိုး ဖြေခဲ့တယ်လို့ ဆိုပါတယ်။

မူလက လူဦးရေ ၉၀၀၀ လောက်ရှိတဲ့ သူတို့ရွာမှာ အခုတော့ တစ်ထောင်လောက်က ရွာကနေ ထွက်သွားကြပြီ ဖြစ်ပြီး ပါဝင် တိုက်ခိုက်သူတွေ လည်း ရွာမှာ မရှိတော့ဘူးလို့ အသတ်ခံရသူ ရွာသားက ပြောပြခဲ့တာကိုလည်း ကိုငြိမ်းချမ်းနိုင်က ပြန်ပြောပါတယ်။

၂၁ ရက်နေ့ ညပိုင်းက သူ့ကို မေးမြန်း ပြီးလို့ ပြန်လာခဲ့ပြီး နောက်တစ်နေ့မှာတော့ အဲဒီလူ ပျောက်နေကြောင်းကြားသိခဲ့ရတယ်လို့ သူက ဆိုပါတယ်။

နှစ်ရက် အကြာမှာ အသတ်ခံခဲ့ရတဲ့ အကြောင်း သတင်းရခဲ့ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက အတည်ပြု ပြောခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ